Blissful Party

Archive for January, 2010

Photos for Donation Blender at Jayamangala Buddhist Vihara

Posted by blissfulparty on January 23, 2010

Today (23 Jan 2010 – Saturday), our blissful party donated a ‘Aika’ brand Blender to Jayamangala Buddhist Vihara – Clementi Temple for the sake of convenience for making juice for the monks.

I share the merit to all on behalf of our team.

Sadu , sadu, sadu!

Than Htut

Posted in Announcements | 1 Comment »

ပုထုဇဉ် နှင့်သောတာပန်

Posted by blissfulparty on January 9, 2010

ပုထုဇဉ် နှင့်သောတာပန်

ပုထုဇဉ် (၂) မျိုး ။
( ၁ ) အန္ဓ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့်ပင် မသိသူ ။
(၂) ကလျာဏ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်သော ဥာဏ်ရှိသူ ။

သောတာပန် (၂ ) မျိုး ။
(၁) စူဠသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ် ။ ( ၀ိပဿနာ ရှုလို့ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများတယ် လို့ ဆရာတော်များ ဟောကြားကြတာ ဒါကြောင့်လည်း ဖြစ်ပါတယ် ။ )

အဆင့်အတန်း ။
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလားပါ။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခာကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး ။

(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်- မိုးကုတ်တရားမှဥပမာ )

သောတာပန်နဲ့ ပုထုဇဉ် ကွာခြားချက်ကတော့ အပေါ်က ရေးထားတာတွေပါပဲ ။
(၁) ပုထုဇဉ် သည် လောဘ၊ဒေါသ၊မောဟ ၊ ကိလေသာ နဲ့ ဆုံရင် ဖြစ်ကြောရှည်တယ် ။ သောတာပန် သည် ဖြစ်ကြောတိုတယ် ။ ကိလောသာထတိုင်း သတိနဲ့ သိတယ် ။
(၂) ပုထုဇဉ် သည် ကိလေသာ နဲ့ ဆုံရင် ကိလေသာကို အလိုလိုက်တယ်။ အခွင့်အရေးပေးတယ်။ သောတာပန် က ငြိမ်းအေးအောင် ချက်ချင်းကြိုးစားတယ်။
(၃) ပုထုဇဉ် သည် အဟောပြောကောင်းသူနဲ့တွေ့ရင် အားလုံးပြောင်းလဲတွေဝေတယ်။ သစ္စာတရားအပေါ်မှာ ခိုင်မာသော ယုံကြည်မှု မရှိဘူး။ သောတာပန် က ထွက်မြောက်ရာလမ်းသည် မဂ္ဂ (၈)ဖြာ ဗုဒ္ဓသာသနာ မှာပဲရှိကြောင်း အကြွင်းမဲ့ ယုံတယ်။
……….စသည် ဖြင့် ( ၇)ချက်ပါပဲ ။

သောတာပန်ဖြစ်ရန် အင်္ဂါ (၄) ပါး

သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊ ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိသားပဲ။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။

(၁) သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)
(၂) သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကို ရွေး၍နာ။)
(၃) ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)
(၄) ဓမ္မာနုဓမ္ဓပဋိပတ္တိ (ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ)
တရားထူးဖြင့် ချမ်းသာကြပါစေ ။

Posted in Knowledge for Dhamma | Leave a Comment »

ကျိန်းသေတဲ့ကံ

Posted by blissfulparty on January 3, 2010

ဖားအောက်တောရဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဓမ္မစကြာနှင့် ဝိပဿနာစာအုပ်၏ စာမျက်နှာ (၂ဝ၉- ၂၁၂) မှ ကျိန်းသေတဲ့ကံ အကြောင်းကို တိုက်ရိုက်ထုတ်နှုတ်၍ ဓမ္မဒါနမျှဝေမှု ပြုပါသည် ———

ဘုန်းကြီး ဒီနေရာကလေးမှာ သတိပေးချင်တာကလေး အချက် တစ်ခုတော့ ရှိပါတယ်။ ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ ကျိန်းမသေတဲ့ ကံတွေကိုတော့ မကြိုးစားကြစမ်းပါနဲ့။ ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင် သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိ ဖြစ်သွားနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။ ဒီတော့ သေခါနီးကာလ မရဏာသန္နဇော အချိန်အခါရောက်ပြီး စိတ်တွေက မိမိစိတ်ကို မိမိထိန်းနိုင်တဲ့ စွမ်းအားကလည်း မရှိပြန်ဘူး။ မိမိ ထူထောင်ခဲ့တဲ့ ကံတွေကလည်း ကျိန်းသေတဲ့ကံမျိုး မဟုတ်ဘူးဆိုလျှင် ရင်လေးဖွယ်အချက်တွေ များစွာရှိနိုင်ပါတယ်။ ကျိန်းသေတဲ့ကံ ဆိုတာကတော့ အကုသိုလ်အရာမှာလည်း ကျိန်းသေနေတဲ့ကံ ရှိတယ်။ ကုသိုလ်အရာမှာ လည်း ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။

ကျိန်းသေတဲ့ကံ = ဂရုကကံ

အကုသိုလ်အရာမှာ ကျိန်းသေတဲ့ကံကတော့ အမိကိုသတ်ခြင်း အဖကို သတ်ခြင်း ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း သံဃာသင်းခွဲခြင်းဆိုတဲ့ ကံကြီးငါးခု တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့ ဒီကံတွေက အကျိုးပေးဖို့ရာ မြဲတဲ့အတွက် သူတို့ကို ဂရုကံလို့ ခေါ်ပါတယ်။

နမူနာအနေနဲ့ ပြောမယ်ဆိုလျှင်တော့ အဇာတသတ်က ဖခမည်း တော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိတဲ့အတွက် သာမညဖလသုတ္တန်ကို ကြားနာပြီးတဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်တဲ့ ပါရမီ မျိုးစေ့ကောင်း ထင်ရှားရှိသော်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသလား၊ မရဘူး။ သို့သော်လည်း ရတနာသုံးပါးအပေါ်၌ အထူးသဖြင့် ဘုရားရှင်အပေါ်၌ ကြည်ညိုလေးစားနေတဲ့ သဒ္ဓါတရားတွေက အလွန်အားကောင်းတဲ့ အတွက် ကြောင့် အသင့်အတင့် ခံသာရာကလေးတော့ ရပါတယ်။ အိပ်လို့ပျော်တယ် စားလို့ဝင်တယ် စသည်ဖြင့်တော့ အကျိုးတရားကလေးတွေ အထိုက်အလျောက် ရတယ်။ သို့သော် သေသည်၏အခြားမဲ့၌ ဘယ်ရောက်သလဲ၊ ငရဲ ပြည်သို့ ရောက်သွားတယ်၊ ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။

နိယတမိစ္ဆာဒိဋ္ဌိကံ

အကုသိုလ်ဘက်မှာ ကျိန်းသေတာ နောက်တစ်ခု ရှိနေသေးတယ်၊ ဘုန်းကြီး နည်းနည်း ပြောချင်တယ်။ ဒီအကြောင်းအရာကလေးကတော့ သတိ ပေးတဲ့ သဘောပေါ့၊ ကံ-ကံ၏အကျိုးကို လက်မခံတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။ အခုခေတ် ရုပ်ဝါဒီလို့ ခေါ်ဆိုအပ်တဲ့ ကံ-ကံ၏အကျိုးကို လုံးလုံး မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံကံ၏ အကျိုးကို လုံးလုံးမယုံကြည် တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံ-ကံ၏အကျိုးကို လုံးလုံးမယုံကြည်တဲ့ ဒီ ခံယူချက်ကလေးဟာ ဘယ်လောက် ပြင်းထန်သလဲဆိုတာနှင့် ပတ်သက်လို့ ဘုန်းကြီး ဝတ္ထုဇာတ်ကြောင်းကလေးတစ်ခု သတိရလို့ ပြောချင်ပါတယ်။ စာပေနယ်ကတော့ ဥစ္ဆေဒဝါဒသမားတွေလို့ ပြောပါတယ်။ သူတို့စကား လုံးနှင့် ပြောလျှင်ပေါ့၊ ဘုန်းကြီးစကားလုံးတော့ မဟုတ်ပါဘူး။ ‘‘ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှမရှိပါဘူး’‘ ဆိုပြီးတော့ သူတို့က ဒီလို ပြောကြတယ်။ တစ်ချိန်က ကမ္ဘာအေးမှာ ဒီစကားလုံးကို သူတို့က ကြွေးကြော်သွားကြပါသေးတယ်။ ဒီတော့ ခေါင်းဟိုဘက် ဘာမှမရှိပါ ဘူးဆိုပြီး ဒီလိုလက်ခံတဲ့ ခံယူချက်ကို ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီအယူဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် ဒီကံက အကျိုးပေး မြဲပါတယ်။ အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။

နန္ဒကစစ်သူကြီး

ဒီနိယတမိစ္ဆာဒိဋ္ဌိကံရဲ့ အကျိုးပေးမြဲမှုနှင့် ပတ်သက်လို့ ဝတ္ထုဇာတ် ကြောင်းကလေး တစ်ခုရှိတာက နန္ဒကစစ်သူကြီး ဖြစ်ပါတယ်။ နန္ဒကစစ်သူကြီး ဆိုတာက ပိင်္ဂလမင်းရဲ့ စစ်သူကြီးဖြစ်တယ်။ ပိင်္ဂလမင်းဆိုတာကတော့ ဓမ္မာသောကမင်းဆက် မောရိယမင်းတို့ရဲ့ လက်အောက်ခံ ဘုရင်ငယ်တစ်ဦးလို့ ဆိုပါတယ်။ နန္ဒကစစ်သူကြီးကလည်း ဥစ္ဆေဒဒိဋ္ဌိ အယူရှိတယ်၊ ပိင်္ဂလမင်းက လည်း ဒီဥစ္ဆေဒဒိဋ္ဌိ အယူရှိပါတယ်၊ ကံ-ကံ၏အကျိုးကို လုံးလုံးလက်မခံကြဘူး။ တစ်ချိန် နန္ဒကစစ်သူကြီး ကွယ်လွန်သွားပြီ၊ ကွယ်လွန်သွားတဲ့အချိန် ဘယ်ရောက်သွားသလဲဆိုတော့ နံပါတ်တစ်အနေအားဖြင့် ပြိတ္တာဘဝ ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ သူ့မှာ သမီးဖြစ်သူ ဥတ္တရာဆိုတဲ့ အမျိုးကောင်း သမီးလေးတစ်ဦး ရှိတယ်။ ဒီ အမျိုးကောင်းသမီးလေးက သောတာပန် အရိယာသူတော်ကောင်း ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဖခမည်းတော်အား ရည်စူးပြီးတော့ ရဟန္တာလို့ ယူဆရတဲ့ သံဃာတော်တစ်ပါးကို အိမ်ရှေ့ကြွလာ တဲ့ အချိန်အခါ အိမ်ပေါ်ကို ပင့်ဖိတ်ပြီးတော့ ဆွမ်းခဲဖွယ်ဘောဇဉ်များနှင့် လှူဒါန်းပူဇော်ပြီးတော့ ဖခမည်းတော်ဖြစ်တဲ့ နန္ဒကစစ်သူကြီးကို အမျှအတမ်း ပေးဝေပါတယ်။ အမျှအတမ်း ပေးဝေလိုက်တဲ့ အချိန်အခါမှာ နန္ဒကစစ်သူကြီး က ထိုပြိတ္တာဘဝမှာ နတ်စည်းစိမ်တမျှ ကြီးကျယ်တဲ့ ခမ်းနားတဲ့ စည်းစိမ် ချမ်းသာတွေကို သုံးဆောင်ခံစားသွားရပါတယ်။ စာပေနယ်သုံး ဝေါဟာရနှင့် ပြောလျှင်တော့ ဝေမာနိကပြိတ္တာလို့ ခေါ်ပါ တယ်။ ဒါပေမဲ့ ဒီပြိတ္တာဘဝက ကျွတ်သလားဆိုတော့ မကျွတ်ဘူး၊ နတ်စည်း စိမ်တမျှ ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရတယ်။ သို့သော် တစ်ချိန် ပိင်္ဂလမင်းတို့က ဓမ္မာသောကမင်းဆက်ရဲ့ အဆက်အနွယ်ဖြစ်တဲ့ မောရိယမင်း တွေကို သွားပြီး လက်ဆောင်ပဏ္ဏာဆက်သရပါတယ်။ ဆက်သလိုက်တဲ့ အချိန်အခါမှာ ဒီပိင်္ဂလမင်းရဲ့ အပြန်မှာ လမ်းလွှဲပြီးတော့ နန္ဒကပြိတ္တာ တည်ရှိရာ ပြိတ္တာဗိမာန်ဖြစ်တဲ့ ပညောင်ပင်ကြီးကို ရောက်အောင် နန္ဒက ပြိတ္တာက လမ်းခင်းပေးလိုက်တယ်။ လမ်းမှားပြီးတော့ မောင်းလာပြီ၊ မောင်း လာတဲ့ အချိန်အခါမှာ ရထားထိန်းလုပ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ပိင်္ဂလဘုရင် မင်းမြတ်ကို လှမ်းပြီး အကြောင်းကြားတယ်။

အရှင်မင်းမြတ် … ကျွန်တော်တို့တော့ လမ်းမှားကုန်ပြီနဲ့တူတယ်။ ဘာကြောင့်လဲ၊ ကျွန်တော်တို့ လာလိုက်တဲ့လမ်းကို ကြည့်လိုက်လျှင် ရှေ့မှာသာ လမ်းတွေ့ပြီး နောက်ကို ပြန်ကြည့်လိုက်တဲ့အခါ လမ်းမရှိ ဖြစ်နေပြီ၊ ဘယ့်နှယ်လုပ်မလဲ၊ ကဲ ဆက်သာမောင်းပေတော့ဆိုပြီး မောင်းလိုက်တဲ့အခါ ပညောင်ပင်ကို ဆိုက်သွားပြီ၊ ပညောင်ပင်ဆိုက်တဲ့ အချိန်အခါ နတ်စည်းစိမ်တမျှ ကြီးကျယ်နေတဲ့ စည်းစိမ်ရှိတဲ့ နန္ဒကစစ်သူကြီးပြိတ္တာက ဧည့်ခံကျွေးမွေး ပါတယ်။

ပိင်္ဂလမင်းက အင်မတန် အံ့သြနေတယ်။ အံ့သြနေတဲ့ အချိန်ကျတော့မှ နောက်ဆုံး စားသောက်ပြီးတဲ့အခါ ဧည့်ခံပွဲပြီးတဲ့အခါ အကျိုးအကြောင်း မေးကြည့်တယ်။ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ နတ်လား လူလား၊ စသည်ဖြင့် မေးလိုက်တော့မှ သူဟာ တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး၊ အရှင်မင်းကြီးရဲ့ နန္ဒက စစ်သူကြီးပဲ ဖြစ်တဲ့အကြောင်း တင်ပြတယ်။ သို့သော် အဲဒီမှာ ဝမ်းနည်း စရာ ကောင်းတာကလေး တစ်ခုကတော့ ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့တဲ့အတွက် ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် ပစ်ပယ်မိခဲ့ တဲ့ အတွက်ကြောင့် ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ နတ်စည်းစိမ်တမျှ ကြီးကျယ်နေတဲ့ ဒီပြိတ္တာဘဝမှာ ခံစားနေရတဲ့ ဒီစည်းစိမ်သည် နောက်ထပ် ခြောက်လပဲကြာမှာ ဖြစ်တယ်။ ခြောက်လပြည့်လို့ရှိလျှင်တော့ ငရဲကို ရောက် ရတော့မည့်အကြောင်း သူက တင်ပြတယ်။ တင်ပြပြီးတဲ့ အချိန်အခါမှာ ပိင်္ဂလ မင်းကိုလည်း သူက ဘာပြောလိုက်သလဲ၊ မှားယွင်းနေတဲ့ မိစ္ဆာအယူဝါဒကို စွန့်လွှတ်ပြီးတော့ ငါးပါးသီလမြဲအောင် နေပါ၊ သရဏဂုံသုံးပါးကို ယုံယုံ ကြည်ကြည်ဖြင့် ဆောက်တည်ကျင့်သုံးပါ၊ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှား ပါ စသည်ဖြင့် တရားဟောပြီး ပြန်လွှတ်လိုက်ပါတယ်။ (ပေတဝတ္ထု-၂ဝ၁-၂ဝ၆၊၊)

ပြောချင်တဲ့အချက်ကတော့ ကံ-ကံ၏အကျိုးကို ပစ်ပယ်နေတဲ့ နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည် သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံရောက်တယ်။ နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ မိမိတို့က လက်ခံချင်တဲ့ စိတ်ထားများ ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့ အဆင့်ထိ ရောက်အောင်တော့ ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။

ကုသိုလ်ဂရုကံ

မကောင်းတဲ့ဘက်က ခုနက အကျိုးပေးမြဲတဲ့ ကံတွေရှိသလို ကောင်းတဲ့ ဘက်မှာလည်း အကျိုးပေးမြဲတဲ့ကံတွေ ရှိတယ်။ နံပါတ်တစ်ကတော့ ဈာန်နာမ် တရားများ ဖြစ်ကြပါတယ်။ မိမိတို့က အားထုတ်လိုက်တော့ ဈာန်သမာဓိတွေ ကို ရရှိပြီ။ အာနာပါနဈာန်ပဲဖြစ်ဖြစ် မေတ္တာဈာန်ပဲဖြစ်ဖြစ် ကသိုဏ်းဈာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့ ဈာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် ဒီဈာန်တွေကလည်း သေသည့်တိုင်အောင် မလျှောကျခဲ့ဘူး ဆိုလျှင်တော့ အကျိုးပေးမြဲပါတယ်။ အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက် ပြောတာပါ၊ ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် ဒီဈာန်တရား တွေက အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။ အရှင်ဒေဝဒတ်တို့လို မသေခင်စပ်ကြားမှာ ဒီဈာန်တွေက လျှောကျခဲ့ မယ်ဆိုလျှင်တော့ ဘာဖြစ်သလဲ၊ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိဖြစ်တတ်ပါ တယ်။ အရှင်ဒေဝဒတ်ဟာ ရဟန်းပြုပြီးတဲ့အခါ ပထမတစ်ဝါအတွင်း ကြိုးစား အားထုတ်လိုက်တာ ဈာန်သမာပတ်ရှစ်ပါးနှင့် လောကီ အဘိညာဏ်ငါးပါးကို ရရှိသွားပါတယ်။ ဒါပေမဲ့လို့ ဘုရားဖြစ်ဖို့ရန် ကြံစည်စိတ်ကူးမိတဲ့ အချိန်အခါ က စပြီးတော့ သူ့သန္တာန်မှာ ဒီဈာန်နာမ်တရားတွေက ကွယ်ပျောက်သွားလိုက်တာ သေသည်အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဈာန်နာမ်တရားတွေက မလျှော ကျခဲ့လျှင်တော့ အကျိုးပေးမြဲတဲ့အတွက် သူတို့ကိုလည်း ဂရုကံလို့ ခေါ်တယ်။ သို့သော် လျှောကျသွားခဲ့မယ် ဆိုလျှင်တော့ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိခြင်း ကြောင့် သူတို့က ဂရုကံစာရင်းထဲမှာ မဝင်ပြန်ဘူး။

ဝိပဿနာကံ

နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊ အကြောင်းတရားတွေ အကျိုး တရားတွေကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးကို ရရှိပြီ၊ ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းအတွက် – ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၂၄ဝ။)

ဆိုပြီးတော့ အဋ္ဌကထာ ဆရာတော်များက ဖွင့်ထားတယ်။ သာသနာ တော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာတည်ရာကို ရရှိသွားပြီ၊ နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ သောတာပန် အငယ်စား စူဠသောတာပန် ဖြစ်ပြီဆိုပြီး ဒီလို ဖွင့်ဆိုထားပါတယ်။

အသိမှန်၊ အကျင့်မှန် ဤနှစ်တန် ချမ်းသာအစစ်မှန်ဖြစ်စေ(ပေ)သည်။

သိဉာဏ်ထွန်းလင်း သတိသွင်း၍ ဒုက္ခကင်းအောင် ဤလူ့ဘောင်၌ စွမ်းဆောင်နိုင်သည် ဖြစ်ကြပါစေ…

ခင်မင်လေးစား တန်ဖိုးထား၍ — ဝင်းမြင့်၊ မေဟန် — တို့ရေးသားထား သည်ကို တဆင့်ကူးယူတင်ပြပါသည်။

Posted in Knowledge for Dhamma | Leave a Comment »

ဗုဒ္ဓဘာသာ ဆိုသည်မှာ

Posted by blissfulparty on January 3, 2010

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်


မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့….. (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့…..
(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
ဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ်။ သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှတ်ထားခဲ့ပါတယ်။
အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်…….
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ
– ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။

တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ် —

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်- ဆိ
ုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။
နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်—
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါ
တယ်။
ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြချင်ပါတယ်…

သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…
(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ

ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။

(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင်
့ သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊

ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆို
တာပါပဲ။
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

Theravada Buddhist Foundation (ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ် ) by Ashin Tikkhanyanalinkara ( Tikkhanyanalinkara Ashin )
Note:

၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲမှာ Ashin Tikkhanyanalinkara ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးပါ။

Posted in Knowledge for Dhamma | Leave a Comment »

ကြောက်မက်ဖွယ် မီး (၁၁) မျိုး

Posted by blissfulparty on January 3, 2010

ကြောက်မက်ဖွယ် မီး (၁၁) မျိုး

  • ရာဂ၊ ဒေါသ၊ မောဟ

  • ဇာတိ၊ ဇရာ၊ မရဏ

  • သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ

အထက်ပါမီး (၁၁) ပါးသည် ပကတိမီးအစစ်မဟုတ်သော်လည်း မီးကဲ့သို့လောင်စေတတ်သောကြောင့် လည်းကောင်း၊ ပကတိမီိးသည် မိမိ၏ ဖြစ်ပွားမှီနေရာ ထင်းကိုလောင်ကျွမ်းဖျက်စီးသကဲ့သို့ ရာဂစသော (၁၁) ပါးသော တရားတို့သည် မိမိ၏ ဖြစ်ပွားရာ သတ္တဝါတို့ကို လောင်ကျွမ်း ဖျက်ဆီးတတ်သောကြောင့်လည်ကောင်း၊ ပကတိမီးနှင့်တူ၍ မီးဟုခေါ်သည်။

ပကတိမီးထက်ပြင်း

ပကတိမီိးကိုရေဖြင့်ငြိမ်းသတ်နိုင်၏၊ ရာဂစသော (၁၁) ပါးသောမီးကို မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ သမုဒ္ဒရာလေးစင်းမှ ရေတွေနှင့် ပက်ဖြန်းသော်လည်း ငြိမ်းနှိုင်ဖွယ်ရာမရှိ၊ ၄င်းရေထဲမှာ ဆင်း၍စိမ်နေသော်လည်း မငြိမ်းနိုင်။

ရာဂစသော (၁၁) ပါးသောမီးလောင်၍ သေသဖြင့် အဝီစိငရဲသို့ ရောက်ခဲ့ရာ ထိုအဝီစိမီိးကလည်း ရာဂစသော (၁၁) မီးကို ပြာကျသွားအောင် မတတ်နိုင်ပေ။

သာဓက-(၁)

သီဟိုကျွန်း၌ ဘိက္ခူနီမငယ်တစ်ပါးသည် စိတ္တပဗ္ဗတကျောင်းတွင် ဥပုသ်ပြုဖို့ရန် ရောက်လာသောအခါ သိမ်တံခါးဝ၌ ထုလုပ်ထားသော လုလင်ပျို ရုပ်လုံးရုပ်ကြွကို တွေ့မြင်လိုက်ရာ တပ်မက်ချစ်ခင်သောရာဂစိတ်ဖြစ်၍  ရာဂမီး အသည်းနှလုံးကို လောင်ကျွမ်းကာ မတ်တတ်ရပ်လျက် သေသွားခဲ့ရသည်။

သာဓက -(၂)

သီဟိုကျွန်း ရွာတစ်ရွာတွင် ရဟန္တာဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်၍ စာသင်သားတပည့်များကို စာသင်ပေးယင်း ဒကာ၊ ဒကာများအား တရားပြသကာ ပရိယတ်၊ ပဋိပတ် သာသနာ့ တာဝန်နှစ်ရပ်လုံးကို ထမ်းဆောင်ကာ သာသနာပြု၍ ချမ်းသာစွာ သီတင်းသုံးနေ၏။

မိုးဦးကျ၍ ဝါဆိုခါနီးအချိန်တွင် ရုပ်ချောချော ရဟန်းပျိုလေးတစ်ပါး ဆရာတော်ကြီး၏ ကျောင်းတွင် စာသင်ကြား၍ နေလိုပါကြောင်း လာရောက်လျောက်ထားလေသည်။ ဆရာတော်ကြီးသည် ထိုရဟန်းကလေးအား ဆင်ခြင်၍ ကြည့်လိုက်ရာ အသက်အန္တရာယ် ထိခိုက်မည်ကို မြင်သဖြင့် နေခွင့်မပြုပေ၊ သို့ရာတွင် ထိုရဟန်းပျိုမှ နေခွင့်ရလိုကြောင်း အကြိမ်ကြိမ်အဖန်ဖန် ထပ်မံ၍ လျောက်ထားလေသည်။ ဆရာတော်ကြီးမှ ထိုရဟန်တော်လေးအား ဝန်ခံကတိတစ်ခုကို လိုက်နာရန် မိန့်ကြားလေသည်။ထိုကတိမှာ – ထိုကျောင်း၌ စာသင်၍နေထိုင်စဉ် ရွာတွင်းသို့ မည်သည့်အခါမျှ မဝင်ရ ဟူ၍ဖြစ်သည်။

ရဟန်းပျိုသည်လည်း ဝန်ခံကတိစကားကို လေးစားစွာလိုက်နာလျက် စာပေတတ်မြောက်အောင်သင်ကြားလေသည်။ စာသင်၍ ပြီးဆုံးသောအခါ  ထိုရဟန်းပျိုကလေးသည် ထိုကျောင်းမှထွက်ခွာခွင့်ပေးရန် ဆရာတော်ကြီးအား လျောက်ထား၍ကျောင်းတိုက်မှ ထွက်ခွာလာခဲ့ရာ ရွာတွင်းသို့ ဆွမ်းခံကြွလိုသော မိမိ၏ဆန္ဒအတိုင်း ဆွမ်းခံကြွဝင်လေ၏၊ စိတ်ထဲမှလည်းရွာတွင်းသို့ ဆွမ်းခံကြွသဖြင့် ဘာဖြစ်လာလိမ့်မည်လဲဟု တွေးနေမိသည်။ တစ်အိမ်ကျော်ဖြတ် တစ်အိမ်ရပ်ရင်း အစဉ်အတိုင်းဆွမ်းခံကြွလာရာ တစ်နေရာအရောက်တွင်  “ဘုန်းဘုန်းဘုရား ရပ်တော်မူပါအုံးဘုရား”…ဟု အသံချိုချိုလေးတစ်သံ ရဟန်းပျိုလေး၏ နားထဲသို့တိုးဝင်လာ၏။       သွားနေသောခြေလှမ်းများလည်း အလိုလိုရပ်တန့်သွား၏။

ခဏအကြာတွင် နွှဲ့ နှောင်းသွယ်ပျောင်းသော ကိုယ်ဟန်အနေအထားဖြင့် အဝါရောင် ဝမ်းဆက်၊ အဝါရောင်တံဘက် ဆင်မြန်းထားသော ရွှေဝါမယ်ကလေးတစ်ဦးသည် ရဟန်းပျိုကလေးအား ဆွမ်းလောင်းရန် ချဉ်းကပ်လာ၏။ ထိုရွှေဝါမယ်ကလေးသည် ဆွမ်းလောင်ရင်း ရဟန်းပျိုကလေးအား စိုက်ကြည့်နေ၏။ ရဟန်းပျိုကလည်း ထိုရွှေဝါမယ်ကလေးအား စိုက်ကြည့်ပြန်၏။ နှစ်ဦးသား အကြည့်ချင်းဆုံကာ မခုန်စဖူး ရင်ခုန်နေကြ၏။ ခဏကြာမှ အသိတရားဖြင့် ထိန်းချုပ်ကာ မျက်နှာလွှဲ၍ ခွဲခွါခဲ့ကြ၏။

ထိုနှစ်ဦးတို့၏ နှလုံးသားထဲတွင် တစ်ဦး၏ ရုပ်ပုံလွှာကို တစ်ဦးက အလိုအလျှောက်သိမ်းဆည်းထားပြီးဖြစ်နေကြ၏။ ရဟန်းပျိုကလေးကား စာပေသမားပီပီ စွဲလန်းစိတ်ကို စာပေဖြင့်အစားထိုးကာ ဖြေသိမ့်နှိုင်ပေမယ့်၊ ရွှေဝါမယ်ကလေးကတော့ အစားထိုးစရာ မရှိ၍ ဆွမ်းလောင်းပြီးသည်နှင့်အိမ်ခန်းထဲဝင်ကာ မျက်ရည်ကိုအဖော်ပြုယင်းလွမ်းဆွေးနေ၏။ သမီး၏အရိပ်အကဲကို အလွန်နားလည်သော သူမ၏ မိခင်ကြီးသည် အခန်းထဲသို့ဝင်လာကာ သူမအားချော့၍ မေးလေ၏။

အကြောင်းစုံကိုသိရသောအခါ သူမ၏ဖခင်အား တိုက်တွန်းကာ ရဟန်းပျိုလေးအား လျှောက်ထားစေ၏။ ရဟန်းပျိုလေးသည် သာမန်တွေးကာ ခပ်ပေါ့ပေါ့ပင် လူမထွက်လိုပါကြောင်းနှင့် သင်္ကန်းဝတ်နှင့် တစ်သက်လုံးနေသွားရန် ဆုံးဖြတ်ချက်ချထားကြောင်း အခိုင်အမာ ပြောဆို၏။ အရှင်ဘုရားကိုမှမရလျှင် တပည့်တော်၏ သမီးလေးသည် ဆုံးပါးသွားနှိုင်ကြောင်းဖြင့် အကြိမ်ကြိမ်အဖန်ဖန် လျှောက်ထားတောင်းပန်၏။ ရဟန်းပျိုလေးကလည်း အခိုင်အမာ ငြင်းဆို၏။
ဤသို့ဖြင့် ကာလအတန်ကြာသောအချိန်တွင် ရဟန်းပျိုလေးသည် ခရီးသွားဦးဇင်းအိုကြီးတစ်ပါးနှင့် ကျောင်းတိုက်တစ်ခုတွင်ဆုံတွေ့ကြလေ၏။ ဦးဇင်းအိုကြီးသည် ရဟန်းပျိုအား အဝါရောင်ပိတ်စအပိုင်းတစ်ခုကို ပေးအပ်ကာ ရေစစ်ချုပ်ပေးရန် တောင်းပန်၏။ ရဟန်းပျိုက ရေစစ်ချုပ်ပေးယင်း အဝါရောင်ပိတ်စကို စိတ်ဝင်စားသဖြင့် မေးမိ၏။ ဤမည်သောရွာက အမျိုးသမီးငယ်တစ်ဦးသည် ရဟန်းပျိုလေးတစ်ပါးကို စွဲလန်းကာ သေဆုံးသွားရာမှ လှူဒါန်းလိုက်သော ပိတ်စဖြစ်ကြောင်းကြွေကွဲစရာဇာတ်လမ်းကို ပြောပြလေ၏။ အကြောင်းစုံသိရသောအခါ ထိုနေရာမှချက်ချင်းထသွားကာ ရွှေဝါမယ်ကလေးသေဆုံးရာ သုဿာန်မြေပုံတွင်ငိုကြွေးယင်း နှလုံးကွဲ၍ သေဆုံးသွားလေ၏ ။
ဤသာဓက (၂) မှာ ရာဂမီးလောင်၍ ပျက်စီးဆုံးရှုံးကြခြင်းဖြစ်သည်။

ပကတိမီးသည် ပြင်ပပစ္စည်းများကို လောင်ကျွမ်းရာတွင် ပြင်းထန်သလောက် တပ်မက်စိတ် ရာဂမီးသည် နည်းလျှင်နည်းသလောက် များလျှင်များသလောက် ကိုယ်တွင်းမှာ လောင်ကျွမ်း၍ ဒုက္ခရောက်ရ၏။ လောင်အားပြင်ထန်ပါက မခံမရပ်နှိုင်အောင်ဖြစ်လျက် အခုဘဝမှာပင် သေဆုံးပျက်စီးခြင်းသို့ရောက်ရ၏။

ပဒိုင်းသီးကိုကိုင်လျှင် ကိုင်သူကိုစူးရှစေ၏၊ နမ်းလျှင်နမ်းသူကိုမူးသွားစေ၏၊ စားလျှင်စားသူကိုရူးသွပ်စေ၏။

တပ်မက်မှု ရာဂ ကိလေသာသည်လည်း စိတ်ကူကြံစည်မိသည်နှင့် နှလုံးသားတွင်းသို့စူးဝင်    ထိုးဆွ လောက်ကိုက်ခံရသည့်ခွေးနာလို မနေသာမထိုင်သာရှိ၏၊ အလွန်စိတ်ဝင်စား၍ စိတ်ကူးမိလျှင်ကား မိုးမမြင်လေမမြင် တွေဝေလိုက်စား အလွန်မိုက်မှားတတ်၏။ ရာဂအလိုဆိုး၏ စေခိုင်းသည့်အတိုင်း လုံးလုံးလျားလျား လိုက်စားသွားမိပါက သွပ်သွပ်ခါအောင် ရူးနှမ်း၍ အမှန်တရားကိုလုံးဝနားလည်မှုလွဲကာ လူမှုန်းမသိဖြစ်တတ်၏။

ဒေါသမီး

လမင်း၏ကျက်သရေကို မကြည့်လိုတဲ့အတွက် မစင်ကိုပါးစပ်နဲ့ငုံကာ အပေါ်သို့မော်၍ ထွေးသောသူသည် လမင်းကိုမထိ မိမိမျက်နှာကိုသာ ရစရာမရှိအောင် မစင်ထိသကဲ့သို့ ဒေါသသည် ဒေါသဖြစ်သူကိုယ်တိုင်ကို မီးလောင်သကဲ့သို့လောင်ကျွမ်းဖျက်ဆီးသည်။

ဒေါသဖြစ်ကြောင်းတရား (၉) ပါး

(က) မိမိကို အကြောင်းပြု၍ (၃) ပါး—–

၁။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊

၂။ ဤသူသည် ငါ၏အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊

၃။ ဤသူသည် ငါ၏အကျိုးစီးပွားကို ပျက်စီးအောင်နောင်အခါလည်း ပြုလုပ်နေလိမ့်မည်။

(ခ) မိမိ၏ ချစ်ရသူကိုအကြောင်းပြု၍ (၃) ပါး —-

၁။ ဤသူသည်ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင် ပြုလုပ်ဖူးသည်၊

၂။ ဤသူသည် ငါ့ချစ်သူ၏ အကျိုးစီးပွားကိုပျက်စီးအောင်ယခုလည်း ပြုလုပ်နေဆဲဖြစ်သည်၊

၃။ ဤသူသည် ငါ့ချစ်သည်၏ အကျိုးစီးပွားကို ပျက်စီးအောင်နောင်လည်း ပြုလုပ်နေလိမ့်မည်။

(ဂ) မိမိ၏ ရန်သူကိုအကြောင်းပြု၍ (၃) ပါး —-

၁။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ဖူးသည်၊

၂။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်းအောင်ယခုလည်း ဆောင်ရွက်နေဆဲဖြစ်သည်၊

၃။ ဤသူသည်ငါ့ရန်သူ၏ အကျိုးစီးပွားကို တိုးတက်အောင် နောင်လည်းဆောင်ရွက်နေလိမ့်မည်။

မိမိအလိုမကျ၍ စိတ်မဆိုးသင့်သည်ကို စိတ်ဆိုးမှု (ဥပမာ-ခလုတ်တိုက်မိ၍၊ မိုးကြီး၍၊ နေပူ၍၊ ဒေါသဖြစ်ကာ ဆဲဆိုမှု) ကိုပါထည့်၍ ဒေါသဖြစ်စရာအကြောင်း (၁၀) မျိုးရှိသည်။

သာဓက–

သေရိဝါဏိဇ္ဇဇာတ်၌ ဒေဝဒတ်အလောင်း ရွဲကုန်သည်သည် ဘုရားအလောင်းတော်ရွဲကုန်သည်ကို စိတ်ဆိုး၍ ဒေါသမီးလောင်ကျွမ်းကာ သေပွဲဝင်ခဲ့ရသည်။

နတ်ဒေါသမီး – –

နတ်ပြည်၌ မနောပဒေါသိကနတ်များသည် ဒေါသဖြစ်လျှင် ဒေါသမီးလောင်ကျွမ်းကာ သေဆုံးကြယင်း ဗိမာန်ပါကွယ်ပျောက်ကြသည်။

မောဟမီး

နတ်ပြည်၌ မောဟဖိစီး အပျော်ကြီးကြသော နတ်များလည်းရှိသည်။ ထိုနတ်များသည် စားချိန်သောက်ချိန် သတိမထား ပျော်ပါးးမှုများကာ မေ့လျော့ကြသဖြင့် “ မောဟ မီး” လောင်ကျွမ်း၍ သေကြရသည်။

ဇာတိမီး

ဘဝစဖြစ်သည်နှင့် ဇာတိမီး စ၍လောင်တော့သည်။် လူ့ဘဝတွင် အမေ့ဝမ်းဗိုက်ထဲ၌ ကိုးလ ဆယ်လ နေခဲ့ရခြင်းသည် ဇာတိမီးလောင်ခံရသည်ကို ညွန်ပြနေခြင်းဖြစ်သည်။

ဇရာမီး

အရွယ်ကြီးရင့်၍ ဆံပင်ဖြူ၊ သွားကျိုး၊ ခါးကုန်း၊ အရေတွန့်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မျောက်အိုနှင့်တူရခြင်းသည် ရင့်ရော်၍ ဇရာမီးလောင်ကျွမ်းခြင်းတည်း။

မရဏမီး

အိပ်ရာထဲလဲနေပြီးလျှင် မိမိကိုယ်တိုင် စောင်းခြင်း လှဲခြင်း မပြုနိုင်လောက်အောင် အားအင်များကုန်ခန်းသဖြင့် သတိမရတစ်ချက် ရတစ်ချက်နှင့် အိပ်ရာဖျာကပ် ဒုက္ခဖြစ်လျက်၊ ထွက်သက်ဝင်သက်ပြတ်စဲကာ သားသမီးကိုစွန့် မိဘဆွေမျိုးကိုစွန့် တစ်သက်လုံးရှာဖွေစုဆောင်းလာခဲ့သော ဓနငွေကြေးကို စွန့်၍ သေဆုံးရခြင်းသည် မရဏမီးလောင်ခံရခြင်းသဘောတည်း။

သောကမီး

သေခါနီးကာလ သားသမီးဆွေမျိုး ဓနငွေးကြေးများကို အပြီးစွန့်ရမည်ဖြစ်၍ အထီးကျန်တစ်ကောင်ကြွက် သေဆုံးရမည့်ဘေးကို တွေးကြောက်ကာ ကြီးစွာသော စိုးရိမ်မှု နှလုံးအိမ်အတွင်း၌ တအုံးနွေးနွေး အတွင်းပူဆွေးခြင်းသောကမီး။

ပရိဒေဝမီး

မျက်ရည်ကျ၍ ငိုကြွေးရခြင်း။

ဒုက္ခမီး

ကိုယ်ဆင်းရဲရခြင်း ။

ဒေါမနဿမီ

စိတ်ဆင်းရဲရခြင်း။

ဥပါယာသမီး

ပူဆွေးရသဖြင့် အသည်းနှလုံး ပွင့်ကွဲမတတ် ပြင်းပြင်းထန်ထန် နှလုံးသားအတွင်း လောင်ကျွမ်းရခြင်းသဘောတည်း။

သာဓက—

ငါးရာ့ငါးဆယ်ဇာတ်တော်တွင် ဘုးရားအလောင်းတော်၏ မိခင်ဘီလူးမသည် လင်နှင့်သားက မိမိကို စွန့်ခွာကာ ထွက်သွားသည်ကို မြစ်ချောင်းတစ်ဖက်ကမ်းမှ မြင်ရ၍ သောကစသော မီးလောင်ကျွမ်းကာ သေခဲ့ရသည်။

ဓမ္မပါလဇာတ်တော်၌လည်း ဘုရားအလောင်းတော်၏ မိခင်စန္ဒာဒေဝီမိဖုရားကြီးသည် သားတော်ကလေး ဘုရားအလောင်းတော် သေသည်ကိုမြင်သဖြင့် ဝါးရုံတောကိုမီးလောင်သကဲ့သို့ သောကစသောမီးလောင်ကာ သေခဲ့ရသည်။

ဘူရိဒတ်ဇာတ်တော်လာ နတ်မိဘုရားလေးဦးတို့မေးကြသော ပုစ္ဆာ(၁၆) ချက်

နတ်ပြည်ကိုအစိုးရသော နတ်တို့၏ အရှင်သိကြားမင်းသည် နတ်မိဖုရားလေးယောက်မေးသော မေးခွန်း(၁၆) ချက်ကို သူနှင့်တကွ နတ်ပြည်ရှိနတ်များအားလုံး မဖြေဆိုနိုင်သဖြင့် နှလုံးမသာယာ ဖြစ်ကာ ဖြေဆိုနိုင်မည့်သူကို ရှာဖွေနေခဲ့သည်။ တစ်နေ့တွင် အလောင်းတော် ဘူရိဒတ်နဂါးမင်းသည် သူ၏ခမည်းတော် ဓတရဋ္ဌနဂါးမင်းနှင့်အတူ ဆည်းကပ်ခစားရန် သိကြားမင်းထံသို့ လာသောအခါ သိကြားမင်းက အလောင်းတော်အား ပြဿနာ(၁၆)ချက်ကို ဖြေဆိုနိုင်မလားဟု မေးလေသည်။ တာဝန်ယူဖြေရှင်းပေးနိုင်ကြောင်း လျှောက်ထားသဖြင့် ဘုရားအလောင်တော်ကို ရတနာပလ္လင်ထက်၌ နေစေကာ သုဓမ္မာနတ်မိဖုရား၏မေးခွန်းကို ပထမဦးစွာ မေးလေသည်။

သုဓမ္မာနတ်မိဖုရား မေးခွန်း (၄) ချက်

မေး။ (၁) – ချစ်သားဒတ္တ မရိတ်ပဲနှင့် ပြတ်သည့်အရာကားအဘယ်နည်း။

ဖြေ။     အရဟတ္တမဂ်ဥာဏ်သည် ကိလေသာများကို တစ်ခုမကျန် ဖြတ်တောက်နှိုင်၍ မရိတ်ပဲနှင့် ပြတ်သည်နှင့်တူပါသည်။

မေး။ (၂)- ဆောက်တူလည်းမဟုတ် မရိုက်မထုပဲ ကွဲသည့်အရာကား အဘယ်နည်း။

ဖြေ။  အဂတိလေးပါးမလိုက်စားပဲ ဥပဒေတရားနှင့်အညီ တရားဆုံးဖြတ်မှုဖြစ်သည်။

မေး။ (၃) ရေမဟုတ်ပဲဆူ၍ မီးမဟုတ်ပဲပူသည့်အရာကားအဘယ်နည်း။

ဖြေ။  မီး(၁၁) ဖြစ်သည်။

မေး။ (၄) မစိုက်မပျိုးရပဲ သီးပွင့်သောအရာကား အဘယ်နည်း။

ဖြေ။  ဘုရား၊ ပစ္စေကဗုဒ္ဓါ  သာဝကတို့၏ပါရမီကား  ဖြည့်ကျင့်သဖြင့်  အထွဋ်အထိပ်သို့ ရောက်လျှင် မဂ်ရေစင်ဖြန်းလိုက်သည်နှင့် သစ္စာလေးပါး အသီးအပွင့် ပွင့်ဖူးရသည်။

သုဇာတာနတ်မိဖုရား မေးခွန်း(၄) ချက်

မေး။(၁) ချစ်သားဒတ္တ – လေမဟုတ်ပဲ  ကြာဝက်ဆံရနံ့ကို ဘုံသုံးပါးသို့ တိုက်ခတ်ဆောင်ယူနိုင်သည့်အရာကား အဘယ်နည်း။

ဖြေ။  ဒါန၊ သီလ၊ ဘာဝနာတို့ဖြစ်သည်။

မေး။ (၂) လွင်ပြင်မဟုတ်ပဲ အတိုင်းအဆမရှိ ကျယ်ပြန့်သည့် မြို့ရပ်ရွာကား အဘယ်နည်း။

ဖြေ။   နိဗ္ဗာန်ဖြစ်သည်။  (နိဗ္ဗာန်သည် ဘုရားအဆူဆူနှင့် မရေမတွက်နိုင်သော တပည့်သာဝက အသီးသီးတို့ ဝင်စံကြွရောက်စေကာမူ ပြည့်သွားသည်ဟူ၍မရှိ။)

မေး။ (၃) တောတောင်၊ ခြံစည်းရိုးတံတိုင်း အကာအရံမရှိပဲ  လုံခြုံသည့်မြို့ရွာကား  အဘယ်နည်း။

ဖြေ။ သူတော်ကောင်းတရားရှိသောသူသည် ရောက်ရာအရပ်၌ ရန်သူမရှိသဖြင့် အေးငြိမ်းချမ်းသာစွာနေထိုင်ရသည်။

မေး။(၄) ရေမဟုတ်ပဲချေးညှော် အညစ်အကြေးတို့ကို ဆေးနှိုင်သည်ကား အဘယ်နည်း။

ဖြေ။ မဂ်လေးပါးဖြစ်သည်။

သုစိတ္တာနတ်မိဖုရား မေးခွန်း (၄) ချက်

မေး။ ( ၁) ချစ်သားဒတ္တ ညဥ့်မဟုတ်ပဲ မှောင်မိုက်နေသည့်အရာသည် အဘယ်နည်း။

ဖြေ။  မောဟအုပ်စိုးနေသော လူမိုက်ကြီးကိုဆိုသည်။  (ပကတိအမိုက်မှောင်ထက် မောဟအမိုက်အမှောင်ကပို၍ မှောင်သည်။ လောကအမှောင်လေးမျိုးရှိသည် လကွယ်နေ့ဖြစ်ခြင်း၊ သန်းခေါင်ယံအချိန်ဖြစ်ခြင်း၊ တောအုပ်ကြီးအတွင်းဖြစ်နေခြင်း၊ မိုးသားတိမ်တိုက်များဖုံးအုပ်နေခြင်း ဤအင်္ဂါလေးပါးနှင့်ပြည့်စုံသော အမိုက်မှောင်သည် အလွန်သိပ်သည်းလှသော အမှောင်ဖြစ်သည်။ ထိုအင်္ဂါလေးပါးအမှောင်ထက် အကြောင်းအကျိုး၊ အကောင်းအဆိုးနှင့် သစ္စာလေးပါး အမှန်တရားကိုမသိသော အဝိဇ္ဇာဖြစ်သည့် မောဟက ပို၍မှောင်သည်။ လောကအမှောင်က အပါယ်ကိုမကျစေနိုင်၊ ကုသိုလ်အကုသိုလ်ကို ခွဲခြားမသိနိုင်သော မောဟအမှောင်ကြောင့် အကုသိုလ်ဒုစရိုက်ကို ပြုရဲသဖြင့် ငရဲကျ၍ ဒုက္ခခံရသည်။ ငရဲမှလွတ်လာပြန်သောအခါ ပြိတ္တာ၊အသူရကာယ်၊ ခွေး၊  နွား၊ ကြက်၊ ဝက်၊ ငှက်၊ တိရိစ္ဆာန်ဘဝ ဖြစ်ရကာ အပါယ်လေးပါး၌ ဒုက္ခများကို ပြောင်းလဲခံစားရန် မိမိကပင် မောဟဖုံးလွမ်းသဖြင့် အကုသိုလ်ကို ကြိုးစား၍ စုဆောင်းခဲ့သောကြောင့် ထိုလူမိုက်ကိုသာ ဆိုးဝါးသော အမိုက်တိုက်ဟုဆိုရမည်ဖြစ်သည်။)

မေး။ (၂) မချက်မပြုတ်ရပဲ  ပကတိမီးထက်ပူသည့်အရာသည် အဘယ်နည်း။

ဖြေ။  လောဘရမက်အားကြီးသဖြင့် အရာရာတိုင်း၌ စိုးရိမ်အားကြီးသောသူဖြစ်သည်။

မေး။ (၃) မတက်ပဲနှင့်မြင့်သည့်အရာကား အဘယ်နည်း။

ဖြေ။   မာနဖြစ်သည်။

မေး (၄) နေလမဟုတ်ပဲ နေရောင်လရောင်ထက် လင်းသည့်အရာသည် အဘယ်နည်း။

ဖြေ။  ကောင်းမှုကံနှင်ပြည့်စုံသောပညာရှိသည် နိဗ္ဗာန်အထိ လင်းနိုင်သည်။

သုနန္ဒာနတ်မိဖုရား မေးခွန်း (၄) ချက်

မေး။ (၁) ချစ်သားဒတ္တ- ကျား ဘီလူးမဟုတ်ပဲ အသားအသွေးကိုစားသည့်အရာသည် အဘယ်နည်း။

ဖြေ။ ဇရာ၊ မရဏ တို့ဖြစ်သည်။

မေး။ (၂) မိဘနှစ်ပါး မစပ်ယှက်ပါပဲ သားသမီးအစဉ်အဆက် ပေါက်ဖွားလာခြင်းအရာသည် အဘယ်နည်း။

ဖြေ။  ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးဖြစ်သည် ။

မေး။(၃) ခိုးသူမဟုတ်ပဲ ညဥ့် နေ့ နှစ်ပါးကို ခိုးယူစားတတ်သည့်အရာကား အဘယ်နည်း။

ဖြေ။   ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။ (ခိုးသူကို လက်နက်အား၊ ပစ္စည်းအား၊ စွမ်းရည်အား၊ သတ္တိအားနှင့် တားဆီး၍ရသည်  ဇရာ၊ ဗျာဓိ၊ မရဏကိုကား ထိုအရာတို့ဖြင့်တားဆီး၍မရနိုင်ပါ။)

မေး။ (၄) လေမုန်တိုင်းမဟုတ်ပဲ သစ်ပင်၊ တိုက်တာ၊ အိုးအိမ် စသည်တို့ကို ချိုးဖျက်တတ်သည်ကား အဘယ်အရာနည်း။

ဖြေ။ ဇရာ၊ ဗျာဓိ၊ မရဏတို့ဖြစ်သည်။

ထိုကဲ့သို့ဖြေကြားလေသောအခါ နတ်အပေါင်းတို့က ကောင်းချီးနုမော် သာဓုခေါ်ကြပြီးလျှင် ရတနာခုနစ်ပါးတို့ဖြင့် ပူဇော်ကြလေ၏။

သိကြားမင်းကြီးက-ခက်ခဲ နက်နဲ သိမ်မွေ့ နူးညံ့လှသည့် မေးခွန်း(၁၆) ချက်ကို ကွက်ကွက်ကွင်းကွင်း ဖြေဆိုနိုင်၍ “မြေကြီးအထုနှင့်တူသော ပညာရှိ၏” ဟု ကောင်းချီးပေးပြီးလျှင် ဒတ္တအား ငယ်နာမည်ရှေ့မှ “ဘူရိ” ဂုဏ်ပုဒ်ကိုထည့်သွင်းလျက် ဘူရိ-ဒတ္တ ဘွဲ့တံဆိပ်ခပ်နှိပ်ကာ ချီးမြှောက်လေတော့သတည်း။

——-  သစ္စာပါရမီဓမ္မရာဇာ မှ ကူးယူ တင်ပြပါသည်။ ———

သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာရှိပါစေ။

Posted in Knowledge for Dhamma | Leave a Comment »

လူတို့ရဲ့ အရိုးကို စေတီ တည်ကောင်းပါသလား

Posted by blissfulparty on January 2, 2010

အမေး။ ။ အရှင်ဘုရား လူတို့ရဲ့အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။

အဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။

  • သမ္မာသမ္ဗုဒ္ဓဘုရား

  • ပစ္စေကဗုဒ္ဓါ

  • ရဟန္တာ၊

  • စကြာဝတေးမင်း

တို့ ဖြစ်ပါတယ်။

ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊
လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့စကြာဝတေးမင်းကဘာပြုလို့ စေတီတည်ပြီးကိုးကွယ်
သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါကလူတို့ရဲ့ စီးပွားချမ်းသာမှုကိုဆောင်ရွက်ပေး
နိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။

လောကမှာ စကြာဝတေးမင်းဟာတစ်ဦးသာဖြစ်တဲ့အတွက်အံ့သြဖွယ်ရာလည်းဖြစ်၊
ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ဒါကြောင့် စေတီ တည်ပြီးကိုးကွယ်သင့်တဲ့အထဲ
မှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)

ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာ
ကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုး
စေတီအဖြစ်တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ
မရေမတွက်နိုင် လောက်အောင် များပြားလှပါတယ်။

ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီ တည်ကြမယ်ဆိုရင်နေရာအနှံ့
မရေမတွက်နိုင်လောက်အောင်များပြားလွန်းလှပါတယ်။ ဒိလိုသာဆိုရင်လူတွေကိုးကွယ်
နိုင်တော့မှာမဟုတ်တော့ဘူး။

ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီ
တည်ထားဖို့ အခွင့် မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁)
လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။

Posted in Knowledge for Dhamma | Leave a Comment »

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ

Posted by blissfulparty on January 2, 2010

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များ

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်ဗုဒ္ဓဘာသာ သာသနာနှင့် ပတ်သက်သော ဘာသာရေးလုပ်ငန်းများကို တာဝန်တစ်ရပ်အနေဖြင့် ကျင့်ကြံ ကြိုးကုတ် အားထုတ်ရပေမည်။

ဗုဒ္ဓဘာသာဝင်ဟူသော ဝေါဟာရကို အသေးစိတ် လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။

ဗုဒ္ဓဟူသည်မှာ ဘ၀များစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါနစသော ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် ဗောဓိမဏ္ဍိုင်ဝယ် သစ္စာလေးပါ;တရားဥဿုံအလုံးစုံကို ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မှုသော သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာဟူသည် ထိုဘုရားသခင်သည်
၄၅-၀ါ ကာလပတ်လုံး လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့ အကျိုးစီးပွား တိုးပွားရန် နိဗ္ဗာန်အလို့ငှာ ဟောကြားတော်
မှုခဲ့သော တရားဒေသနာတော်များဟု အဓိပ္ပာယ်ရသည်။

ဗုဒ္ဓဘာသာဝင်ဟူသည်မှာ မြတ်စွာဘုရားဟောကြား သော တရားတော်ကို ယုံကြည်သက်ဝင် ကြည်ညိုကိုးကွယ်၍ လိုက်နာ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြသောသူများဟု အဓိပ္ပာယ်ရလေသည်။

အထက်ပါစကားအရ ဘုရားရှင်ဟောကြားထားသည့် တရားတော်များကို သက်ဝင်ယုံကြည်လိုက်နာသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုသည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးသည် အမည်ခံရုံမျှ မဟုတ်ဘဲ အမှန်တကယ် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။
သို့မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ပေမည်၊
လူ့ဘ၀သည် ရခဲလှသည်။
အပါယ်လေးဘုံသည် ဒုက္ခမျိုးစုံကိုသာ ခံစားနေရ၍ ဒါန သီလ ဘာဝနာ တရားများ မပြုလုပ်နိုင်ပေ၊
နတ်ပြည် ဗြဟ္မာပြည်များသည်လည်း သုခမျိုးစုံကိုသာ ခံစားရ၍ ကုသိုလ်ပြုလုပ်ရန် ဗြဟ္မာပြည်များသည်လည်း သုခမျိုးစုံကိုသာ ခံစားရ၍ ကုသိုလ်ပြုလုပ်ရန် မေ့လျော့နိုင်သည်၊ ဒါန သီလ ဘာဝနာ ပြုလုပ်ရန် မလွယ်ကူချေ။

လူ့ဘ၀သည်သာ ဒုက္ခ သုခ ရောနှောနေ၍ မိမိ၏ အသိဥာဏ်နှင့် ယှဉ်ကာ ဒါန သီလ ဘာဝနာတို့ကို ပြည့်စုံအောင် ဖြည့်ကျင့်ဆည်းပူးနိုင်ပြီး၊ သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်သည်။
ထို့ကြောင့် လူ့ဘ၀သည်ရခဲသည်ဟု ဘုရားရှင်ဟောကြားခဲ့သည်။
ထိုသို့ ရခဲလှသော လူ့ဘ၀ကို ရခဲ့ကြ၍ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့ခဲ့ရပြီး ဘုရားရှင် ဟောကြားသည့် တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသောဘ၀အခိုက်အတန့်တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။ ထိုသို့လိုက်နာကျင့်ကြမှလည်း ဗုဒ္ဓဘာသာဝင် စင်စစ်ဖြစ်ပေမည်။

ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာလျှင် အောက်ပါ ဘာသာရေးလုပ်ငန်း တာဝန်များကို ပညာဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ်ပြုလုပ်ရမည်။
ထိုတာဝန်များမှာ –
(က) ဘုရားရှိခိုးခြင်း
(ခ) မေတ္တာပို့ခြင်း
(ဂ) အမျှဝေခြင်း
(ဃ) အလှူဒါနပြုလုပ်ခြင်း
(င) သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း
(စ) လက္ခဏာရေး သုံးပါးဆင်ခြင်မြင်း တို့ဖြစ်သည်။

ဘုရားရှိခိုးခြင်း ဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်းရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခြင်းဖြစ်သည်။

မေတ္တာပို့ခြင်း ဟူသည်မှာ အများသတ္တ၀ါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာစေလိုသော စိတ်ကို ဖြစ်ပေါ်စေခြင်း၊ ပို့လွှတ်ခြင်း၊ ပွားများခြင်း တို့ဖြစ်သည်။

အမျှဝေခြင်း ဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂကို
မိမိနှင့်အတူ အညီအမျှရနိုင်စေရန် သတ္တ၀ါအပေါင်းတို့အား အမျှ အမျှ အမျှဟု ပေးဝေခြင်းဖြစ်ပါသည်။

အလှူဒါနပြုလုပ်ခြင်း ဟူသည်မှာတစုံတခုသော ၀တ္ထုပစ္စည်းတို့ကို ဘုရား အစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဌာန်း၍ လှူဒါန်းပေးကမ်းမှုဖြစ်သည်။
ထိုလှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းကပ် လှူခြင်း၊ ရေချမ်း ကပ်လှူခြင်း၊
ပန်းနံ့သာ ကပ်လှူခြင်း၊ ဆီမီး ကပ်လှူခြင်း၊ ပိဏ္ဍပါတ်ဆွမ်း လောင်းလှူခြင်း စသော အားဖြင့် အလှူဒါန အမျိုးမျိုးရှိပါသည်။

သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်ခြင်း ဟူသည်မှာ မိမိကိုယ်၌လည်းကောင်း၊ သူတပါး သန္တာန်၌ လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတော်ဟူသော သာသနာတော်ကို တည်တံ့ပြန့်ပွားအောင် ပြုလုပ် ဆောင်ရွက်ခြင်းဖြစ်သည်၊
အဆုံးအမ ဟူသည်မှာ ဒုစရိုက်များ မဖြစ်ပွား အောင်ဆောင်ရွက်ခြင်း။ သုစရိုက်တရားများ တိုးပွားအောင်
ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်ခြင်းသည် ဘာသာရေး၊ အသင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ပရိယတ္တိစာသင်သားများအား ထောက်ပံ့ခြင်း၊ ပဋိပတ္တိကျင့်သုံးနေသူများအား ထောက်ပံ့ခြင်း၊ ဗုဒ္ဓဘာသာ စာပေပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်း၊ အိမ်တွင်းသာသနာပြုလုပ်ငန်းများ

ကို ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း ဟူသည်မှာ ပုဂ္ဂိုလ်သတ္တ၀ါ အမြင်ကိုကျော်လွန်ပြီး ရုပ်နာမ်အဖြစ် မြင်အောင်
ရူကာ ရုပ်နာမ်တရားတို့၏ မမြဲဆင်းရဲ အတ္တမဟုတ် ဟု ရူမြင်ခြင်း၊ သိခြင်းဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ နေ့စဉ်ဘာသာရေးလုပ်ငန်းတာဝန်များပင်ဖြစ်သည်။
နေ့စဉ်ပြုလုပ်ရာ၌ တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာ ပြုလုပ်နိုင်လျှင် ပို၍ အကျိုးရှိနိုင်
ပါသည်။

(အကျိုးလို၍ညောင်ရေလောင်းခြင်းမျိုးတော့ မဖြစ်စေလိုပါ…)

copy from the forwarded email

Posted in Knowledge for Dhamma | Leave a Comment »

Urge to Contribute for the Month of December ’09 & January ’10

Posted by blissfulparty on January 2, 2010

Dear Members of Blissful Party,

You all can now contribute the donation for the December 2009 and January 2010!

Posted in Announcements | Leave a Comment »

Happy New Year 2010!

Posted by blissfulparty on January 2, 2010

Dear All,

I would like to greet and wish you all on this new year. May everyone be peace in mind & body and has  joyful time throughout the 2010 year & can support more and more on Buddha Sasana!

Than Htut

Posted in Announcements | Leave a Comment »