Blissful Party

Archive for the ‘Question & Answer’ Category

အစိန္တေယျဂုဏ်

Posted by blissfulparty on February 13, 2011

အစိန္တေယျဂုဏ်

အရှင်ဘုရား

အစိန္တေယျဘုရားရှိခိုးလေးပုဒ်တွင် အချို့က ၀ါစာ ၀ါစာ ၀ိလာသဂ္ဂက စသည်၊ အချို့က ရူပါ ရူပါ ၀ိသာသဂ္ဂ က စသည်ဟု ၀ါဒကွဲနေပါသည်။ ဘယ်ဟာကစလျှင် မှန်ပါသနည်း။ ထို့ပြင် အစိန္တေယျလေးပါး၊ ဆယ့်နှစ်ပါး၊ လေးဆယ့်ရှစ်ပါးဟု ပြားကြောင်းလည်း ပြောကြပါသည်။ အကျယ် သိပါရစေဘုရား။

မောင်မျိုးမင်းထွန်း

မော်ကျွန်း

မောင်မျိုးမင်းထွန်း၏ အမေးစာကို ရရှိသဖြင့် ဤအစိန္တေယျ ဘုရားရှိခိုးအကြောင်းကို ယခင်က ၃-၄ ကြိမ် ဆောင်းပါးရေးဖူးသည်ကို အမှတ်ရမိသည်။ ယခုရေးမည်ဆိုတော့ ယခင်အဟောင်းများကို မည်သည့်စာစောင် များတွင် ရေးမိသည်ကို ပြန်စဉ်းစား၍မရ၊ မိမိ သတိရမိသမျှ ရေးသားဖြေဆို ရပေတော့သည်။

နေ့စဉ် နေ့စဉ် ရူပါ ရူပါ ၀ိလာသဂ္ဂ စသော အစိန္တေယျ လေးပါး ဘုရားရှိခိုးကို ရွတ်မိတိုင်း အစိန္တေယျလေးပါးတွင် လေးပါး၊ ဆယ့်နှစ်ပါး၊ လေးဆယ့်ရှစ်ပါး ဟူသော ပြားပုံပွားပုံများကို သတိရမိသည်။ မကြံအပ်မစည်နိုင်သော ဗုဒ္ဓ ဂုဏ်တော်များဖြစ်၍ ရွတ်ရဆိုရသည်မှာ ကြည်ညိုဖွယ်လည်းကောင်း အားရစရာလည်းဖြစ်သဖြင့် နေ့စဉ် ဘုရားရှိခိုးတိုင်းပင် နှစ်နှစ်ကာကာ ရွတ်ဆိုခဲ့မိသည်။ အမှတ်ရတိုင်းလည်း ကြည်ကြည်ညိုညို ဖြစ်မိသည်။

ဤ ရူပါရူပါအစ ဣဒ်္ဓိဣဒ်္ဓိအဆုံး အပိုဒ်လေးပိုဒ်လုံးပင် ဘုရားရှိခိုးချည်းသက်သက် မဟုတ်။ ဘုရားရှိခိုးလည်းဖြစ်၊ ဆုတောင်း လည်းဖြစ်သော အစိန္တေယျလေးမျိုး ဂါထာတော်များ ဖြစ်သည်။ မြတ်စွာဘုရား၏ အဆင်းတော်၊ စကားတော်၊ ဉာဏ်တော်နှင့် တန်ခိုးတော်တို့ မကြံစည်နိုင်သော တရားတော်များဖြစ်ကြောင်း ချီးကျူး သြဘာ ထောမနာပြု၍ ထိုအဆင်းတော်၊ စကားတော်၊ ဉာဏ်တော်နှင့် တန်းခိုးတော်ရှင် မြတ်စွာဘုရားအား ရှိခိုးပါ၏။ ရှိခိုးရသော ကုသိုလ် ကံစေတနာကြောင့် ကျွန်ုပ်အားလည်း အတုမရှိသော အဆင်း၊ စကား၊ ဉာဏ်၊ တန်ခိုးနှင့် ပြည်စုံရပါလို၏ဟု ဆုတောင်းသော အဓိပ္ပာယ်များ ရှိလေသည်။

စာရေးသူတို့ ငယ်စဉ်က ဆယ်စောင်တွဲပါ နမက္ကာရပါဌ် အနက်ကို ကျက်မှတ်ခဲ့ရသည်။ ယင်း နမက္ကာရ ဒုတိယ ဘုရားရှိခိုးဂါထာ “နယနသုဘဂကာယင်္ဂံ” စသော ကိုးလုံးဘွဲ့ဂါထာမှာ ဤ အစိန္တေယျလေးပါးကို တစ်ပါဒလျှင် အစိန္တေယျ တစ်ပါးစီ စီကုံးပြထားသော ဂါထာဖြစ်သည်။ ၎င်းဂါထာကို အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဆရာတော်ဘုရားကြီးက ကြည်ညိုဖွယ်ရာ အနက်ကျယ်ပြီး စီကုံး၍ တရားပွဲတို့တွင် ရွတ်ဆိုရှိခိုးလေ့ရှိရာ ကြားနာရသူတိုင်း ကြည်ညိုမငြီး ရှိကြရသည်။

ဘုရားရှိခိုး စာအုပ်များ၌ ဤ ရူပါရူပါ ၀ိလာသဂ္ဂစသော အစိန္တေယျလေးပါး ဘုရားရှိခိုးဂါထာများကို အတွေ့ရ များသည်။ သို့သော် အချို့စာအုပ်တို့တွင် “၀ါစာ ၀ါစာ ၀ိလာသဂ္ဂ“ ကစ၍ အများအားဖြင့် ရူပါရူပါ ၀ိလာသဂ္ဂက စသည်ကို တွေ့ရသည်။ ဂါထာလေးပုဒ် စဉ်ပုံမတူကြချေ။ မူရင်းအဖြစ်ဖြင့် တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ သုတ၀န္ဒနာ ဘုရားရှိခိုးစာအုပ်တွင် ရူပါရူပါ ၀ိလာ သဂ္ဂက စ၍ ၀ါစ, ဉဏ, ဣဒ်္ဓိတို့ကို ဆက်၍ပြထားသည်။

စာရေးသူတို့ ငယ်စဉ်က ရသောအစဉ်မှာ ၀ါစာ၊ ရူပ၊ ဉာဏ၊ ဣဒ်္ဓိ ဤသို့ ဖြစ်လေသည်။ တစ်နေရာနှင့် တစ်နေရာ အစိန္တေယျ လေးပါး အစဉ်မတူသည်ကိုသာ တွေ့ရသည်။ ဆီးဘန်နီ ဆရာတော်၏ က၀ိမဏ္ဍနမေဒနီကျမ်း အောင်ခြင်း ရှစ်ပါးအခန်း (အဂုင်္လိမာလအောင်ခြင်း)တွင်- “ရူပါ ရူပ၊ ယင်းကစသည်၊ ဇယတြိန်း၊ တွက်ကိန်းခန်းဖွဲ့၊ တစ်ဆယ့်နှစ်ပါး၊ ထင်ရှားကျော်ရှိန်၊ အစိန္တေယျ ဂုဏ်ခန္ဓနှင့်၊ ပြည့်ဝ ဖြိုးကယ်၊ တို့ဘုန်းကြွယ်ကား . . .”” ဟု ရူပအစိန္တေယျက စ၍ ပြသည်။

ကင်းဝန်မင်းကြီး၏ မဟာဗောဓိနိဒါန်းလင်္ကာတွင်- “ရုပ်, စကား, ဉာဏ်၊ တန်ခိုးမွန်ဟု၊ ကဲလွန်လှဘိ၊ အစဉ် ရှိသား၊ ပကတိလေးဝ၊ ၀ိလာသလေးထွေ၊ အစိန္တေလေးချက်၊ ယင်း အနက်တွင်၊ တစ်ချက်တစ်ချက် စာရင်းထွက်၌၊ နှုတ်မြွက်ပြောဟော၊ အံ့သြချီးမွမ်းအပ်သောအရာကို လွန်သည်တစ်ဖြာ၊ ဥပမာသိုင်းဝိုင်း၍ ခိုင်းနှိုင်းနှုန်းဆောင်အပ်သောအရာကို လွန်သည်တစ်တန်၊ ဉာဏ်ဖြင့် နှိုက်နှဲခွဲခြမ်း ထင်ထင် သိမြင်အပ်သော အရာတို့လွန်သည်တစ်ဆင့်၊ စိတ်ဖြင့် စဉ်းစားပိုင်းခြား ကြံစည်အပ်သောအရာကို လွန်သည်တစ် ထွေ၊ အစိန္တေယျ အဋ္ဌစာလီ”စသည်ဖြင့် အစိန္တေယျ လေးပါးကို ရူပ, ၀ါစ, ဉာဏ, ဣဒ်္ဓိဟူ၍ စဉ်လျက်ပြဆိုထားပေသည်။

က၀ိမဏ္ဍန မေဒနီ၌ကား ရူပ အစသာဆိုသည်။ နောက်တွင် မည်သို့စဉ်သည် မဆိုချေ။ သို့သော် ထိုလင်္ကာနှစ်ပုဒ်အရ အစိနေ်္တယျဂုဏ် ၁၂-မျိုးနှင့် အစိနေ်္တယျဂုဏ် ၄၈-မျိုး ပြားပုံကို သိရသဖြင့် အတိုင်းမသိ ကျေးဇူး ရှိလှပေသည်။ က၀ိမဏ္ဍနမေဒနီလင်္ကာအရ အစိန္တေယျဂုဏ်တော် လေးပါးကို တစ်ပါးတစ်ပါး၌ ၃-ပါးစီပြား၍ ပြသည်။ ဥပမာ-ရူပ၌ ပကတိသော အဆင်းတော်၊ အလွန်တင့်တယ်သော အဆင်းတော်နှင့် မကြံစည်နိုင်သော အဆင်းတော်ဟူ၍ ပြားလိုက်သည်။ လေးသုံးလီ တစ်ဆယ့်နှစ်ဖြစ်၍ အစိန္တေယျဂုဏ်တော် တစ်ဆယ့်နှစ်ပါး ဖြစ်သွား လေသည်။

မဟာဗောဓိနိဒါန်းတွင်ကား က၀ိမဏ္ဍနမေဒနီပြသော တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးတစ်ပါး၌-

၁) နှုတ်မြွက်ပြောဟော အံ့သြချီးမွမ်းသောအရာကို လွန်သည်တစ်ဖြာ၊

(၂) ဥပမာသိုင်းဝိုင်း၍ ခိုင်းနှိုင်းနှုန်းဆောင်အပ်သောအရာကို လွန်သည်တစ်တန်၊

(၃) ဉာဏ်ဖြင့် နှိုက်နှဲခွဲခြမ်းထင်ထင် သိမြင်အပ်သောအရာကို လွန်သည်တစ်ဆင့်၊

(၄) စိတ်ဖြင့် စဉ်းစားပိုင်းခြား ကြံစည်အပ်သောအရာကို လွန်သည်တစ်ထွေ၊ ဟူ၍ လေးပါးစီ ထပ်၍ပြားပြလိုက်ပြန်သည်။ ထို့ကြောင့် ၁၂x၄ လီ = ၄၈ ပါးဖြစ်၍ လာသည်ကို တွေ့ရ လေသည်။ မြတ်စွာဘုရား၏ အဆင်းတော်၊ တရားစကားတော်၊ ဉာဏ်ပညာတော်နှင့် တန်ခိုးတော်တို့ကို လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဘယ်လိုပင် ချီးမွမ်းပြောဆိုသော်လည်း မကုန်နိုင် မခန်းနိုင်သဖြင့် အစိန္တေယျအပ္ပမေယျဖြစ်ကြောင်း ကြည်ညိုဖွယ်ရာအမှန် ဧကန်ဖြစ်လေ တော့သည်။

သို့ဖြစ်၍ အစိန္တေယျလေးပါး ဘုရားရှိခိုးကို ရွတ်ဆို၍ ရှိခိုးရာ၌ မူလအနေဖြင့် လေးပါးဟူ၍သာ နားလည်ထား သော်လည်း နှိုက်နှိုက်နှဲနှဲ ခွဲခြမ်းစိတ်ဖြာ၍ကြည့်လျှင် ပထမလေးပါးမှ တစ်ဆယ့်နှစ်ပါး၊ ထိုမှတက်၍ လေးဆယ့်ရှစ်ပါး ဟူသည်ကို သိလာရသဖြင့် လွန်စွာပင် ကြည်နူးဝမ်းသာ သဒ်္ဓါစေတနာ ဝေဖြာပွားများ တိုးပွားလာရ လေတော့သည်။

အချုပ်မှတ်ဖွယ်

(က) ပကတိနှင့်၊ အလွန်တင့်၊ ထပ်ဆင့်မကြံသာ။

လေးပါးသုံးလီ၊ ပွားခဲ့ပြီ၊ အညီ ဆယ့်နှစ်မှာ။

(ခ) ချီးမွမ်းပြောဆို၊ အရာကို၊ လွန်ဆို တစ်ပါးလာ။

ဥပမာဆောင်၊ ပြညွှန်းအောင်၊ အခေါင် လွန်သောခါ။

ဉဏ်ဖြင့်ခွဲခြမ်း၊ မမြင်စွမ်း၊ သိလမ်း လွန်သည့်တာ။

စိတ်ဖြင့်စဉ်းစား၊ ကြံစည်ငြား၊ ပိုင်းခြား လွန်၍သာ။

(ဂ) ဆယ့်နှစ်ကိုတည်၊ လေးမြှောက်တည်၊ ဖြစ်မည် ဌစတ္တာ။

ဤတွင် ပြဿနာရှင်မှတစ်ပါး အစိန္တေယျလေးပါး ဘုရားရှိခိုးကို ကျက်မှတ်ရှိခိုးလိုသူတို့အဖို့ ယင်းအစိန္တေယျ လေးပါး ဘုရားရှိခိုးပါဌ်အနက် (ညွှန်း)ကို ဆက်လက်ဖော်ပြလိုက်ပါသည်။

(၁) ရူပါ ရူပါ ၀ိလာသဂ္ဂ

ရူပါ အစိန္တေယျ သံယုတ္တာ။

ဝန္ဒေသာရ ဂုဏော ပေတံ၊

တေနမှာ တုလရူပ၀ါ။

(၂) ၀ါစာ ၀ါစာ ၀ိလာသဂ္ဂ

ဝါစာ အစိန္တေယျ သံယုတ္တာ။

ဝန္ဒေသာရ ဂုဏော ပေတံ၊

တေနမှာ တုလ၀ါစကာ။

(၃) ဉာဏာ ဉာဏာ ၀ိလာသဂ္ဂ

ဉာဏာ အစိန္တေယျ သံယုတ္တာ။

ဝန္ဒေသာရ ဂုဏော ပေတံ၊

တေနမှာ တုလ ဉဏ၀ါ၊

(၄) ဣဒ်္ဓိ ဣဒ်္ဓိ ၀ိလာသဂ္ဂ

ဣဒ်္ဓိ အစိန္တေယျ သံယုတ္တာ။

ဝန္ဒေသာရ ဂုဏော ပေတံ၊

တေနမှာ တုလဣဒ်္ဓိဝါ။

(၁) ရူပါ ရူပါ ၀ိလာသဂ္ဂ-ရူပါ အစိန္တေယျ သံယုတ္တာ ပကတိသောအဆင်း၊ အလွန်တင့်တယ်သောအဆင်း၊ မကြံစည်နိုင်သော အဆင်းနှင့် ကောင်းစွာယှဉ်တော်မူထသော၊ သာရဂုဏောပေတံ-ကျေးဇူးတော်စစ် ဂုဏ်တော်နှစ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကို၊ အဟံ-ကျွန်ုပ်သည်၊ ၀န္ဒေ-ရှိခိုးပါ၏၊ တေန-ထိုသို့ ရှိခိုးရသော ကောင်းမှုကြောင့် အတုလ ရူပ၀ါ-အတုမရှိသောအဆင်းနှင့် ပြည့်စုံသည်၊ အမှိ-ဖြစ်ရပါလို၏ အရှင်ဘုရား။

(၀ါစာ အစိန္တေယျ၌ အဆင်းနေရာ၌ စကားကို၊ ဉာဏ အစိန္တေယျ၌ ဉာဏ်တော်ကို၊ ဣဒ်္ဓိအစိန္တေယျ၌ တန်ခိုးတော်ကို လဲလှယ်၍ဆိုပါ။ အထူးမှာ-တေနမှာကို တေနံမှာဟု န၌ နိဂ်္ဂဟိတ် (သေးသေးတင်) သံနှင့် ဆိုပါ။ တေန-မှာ ဟု မဆိုမိရန် သတိပြုစေလို၏။)

မြတ်သတိဝါဒီမဂ္ဂဇင်း၊

စက်တင်ဘာလ၊ ၂၀၀၀ ခုနှစ်။

Posted in Question & Answer | Leave a Comment »

ဗုဒ္ဓဘာသာနိုင်ငံတွေ ဘာကြောင့်ဆင်းရဲနေတာလဲ

Posted by blissfulparty on March 11, 2010

ပူစူး အင်္ဂလန် – ဘုန်ဘုန်း.. တပည့်တော်မ သိချင်တာလေး တစ်ခုလျှောက်ထားခွင့်ပြုပါ၊ ဗုဒ္ဓရဲ့ တရားတော်တွေက သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ဆင်းရဲနေရတာလဲ၊ လိုအပ်တဲ့နေရာတွေမှာ မပေးလှူဘဲ အရမ်းကြီးမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ ဆင်းရဲနေတာလား၊ တပည့်တော်မ စိတ်ထဲမရှင်းလို့ ဖြေကြားပေးပါ ဘုရား။

အီးမေးလ်နဲ့ မေးထားတဲ့ မေးခွန်းပါ၊ ဒီလိုမေးခွန်းမျိုး မကြာခဏအမေးခံခဲ့ရဖူးတယ်၊ ဘာသာရေးကို အလေးအနက်ထားသူများကြားမှာလဲ ဒီမေးခွန်းက စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်။ မေးခွန်းရှင်ရဲ့ မေးခွန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ဖြေကြရအောင်၊ ပထမ အပိုင်းက ဘုရားရှင်ဟောကြားတဲ့ တရားတွေ သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲနေရတာလဲ ဆိုတာပါ။

တကမ္ဘာလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေသာ ဆင်းရဲတာ မဟုတ်ဘဲ ၊ ခရစ်ယာန်နိုင်ငံများ အစ္စလာမ်ဘာသာဝင်နိုင်ငံများ ၊ ဟိန္ဒူဘာသာဝင်နိုင်ငံများလည်း ဆင်းရဲနေကြတာကို တွေ့မြင်နိုင်တယ်၊

တကယ်ဆိုရင် တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှု နောက်ကျခြင်း ဆင်းရဲမွဲတေခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး

လှုမှုရေးတွေကြောင့် ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ နိုင်ငံရေး စီးပွားရေးစနစ်ကောင်းနေတဲ့ ဂျပန် ကိုရီးယား တရုတ်ုဒ္ဓဘာသာဝင်နိုင်ငံတွေ

တိုးတက်နေတာကိုလဲ သတိထားကြည့်နိုင်တယ်။

တကယ်တော့ ဘာသာရေးဆိုတာ အိမ်ပေါ်မှာတင်ထားတဲ့ ပစ္စည်းလိုပါပဲ၊ အိမ်တစ်လုံးဟာ အမိုးကလဲကောင်း အကာလဲကောင်း ခိုင်ခိုင်ခန့်ခန့် ရှိနေမယ်ဆိုရင် အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ အရောင်ထွက်နေပါလိမ့်မယ်၊ အမိုးအကာမဲ့ပြီး ယိုင်နဲ့ ချည့်နဲ့နေတဲ့ အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ မိုးဒဏ် လေဒဏ်ကြောင့် အရောင်ညှိုးမှိန် ရမှာ အမှန်ပါ။ နိုင်ငံရေး စနစ် စီးပွားရေးစနစ် လှုမှုရေးစနစ် အစစ အရာရာ နိမ့်ကျ(အရည်အသွေးမမှီ)တဲ့ နိုင်ငံမှာရှိနေတဲ့ ဘာသာရေးကလဲ အများလေးစားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊

တစ်ခုတော့ ပြောစရာရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တန်ဖိုးထားရှာဖွေနေကြသူများကတော့ မွန်မြတ်တဲ့တရား ဘယ်နေရာမှာရှိရှိ ဘယ်နိုင်ငံမှာရှိရှိ တန်ဖိုးထားကြမှာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကြောင့်ပဲ တိုးပြည်ဆင်းရဲနေရသလို မြင်ပါလိမ့်မယ်၊

လိုရင်းပြောရရင်တော့ ဗုဒ္ဓဘာသာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေဆင်းရဲ နေရတာမဟုတ်ဘဲ အိမ်မကောင်းလို့ အိမ်ထဲက ပစ္စည်းများ အရောင်မှိန်နေခြင်းသာဖြစ်ပါတယ်လို့ ဖြေကြားပါရစေ။

ပူစူးရဲ့ မေးခွန်း အပိုင်းနှစ်က လိုအပ်တဲ့နေရာတွေမှာ မလှူဘဲ အရမ်းမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့တိုင်းပြည်ဆင်းရဲနေရတာလား ဆိုတာပါ၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ကွဲနိုင်ပါတယ်၊

အနော်ရထားမင်းကြီး ကျန်စစ်သားမင်းကြီးတို့လက်ထက်က တည်ထားခဲ့တဲ့ စေတီတွေ အများကြီးပါ၊ ဒီလို စေတီတွေ အများကြီးတည်ခဲ့လို့ တိုင်းပြည်မွဲတာလို့ တချို့က မြင်တယ်။ အေဒီ ၇ ရာစု ၈ ရာစု ၀န်းကျင်က တည်ထားခဲ့တဲ့ ဒီစေတီတွေရဲ့ အနုပညာလက်ရာတွေ။ မြစေတီလို ဘာသာ သုံးမျိုးနဲ့ရေးစိုက်ခဲ့တဲ့ ကျောက်စာတွေဟာ အဲဒီခေတ်ကို ကိုယ်စားပြုခဲ့တာတွေပါ၊

ပုဂံခေတ်ရဲ့ ပညာရေးအဆင့်အတန်း အနုပညာအဆင့်အတန်းနဲ့ မြန်မာတို့ရဲ့ တိုးတက်မှုကို ဖော်ကျူးပြခဲ့တာပါ၊ တကယ်လို့သာ အဲဒီစေတီတွေ အများကြီးမတည်ဖြစ်ခဲ့ရင် ဒီနေ့ခေတ်မှာ ပုဂံဆိုတာကို ကမ္ဘာက သိမှာမဟုတ်ဘူး၊ဒီလိုဆိုတော့ သမိုင်းတန်ဖိုးအရ ကြည့်ရင် လူသားတို့ရဲ့ ယုံကြည်မှုအရကြည့်ရင် တကယ့်ကို လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ တိုင်းပြည်ဆင်းရဲခြင်း ချမ်းသာခြင်းဟာ ဘုရားစေတီတွေကို
လှူခြင်း မလှူခြင်းနဲ့တော့ အများကြီး မသက်ဆိုင်ပါဘူး၊ ဘကြီးတော်မင်းတရား လက်ထက်က ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး စတာတွေ မဆောက်ဖြစ်ခဲ့ရင် မလုပ်ဖြစ်ခဲ့ရင် မင်းကွန်းဆိုတဲ့ ရွာသိမ် ရွာငယ်လေးကို ကမ္ဘာက သိမှာမဟုတ်ဘူး။ လူသားဆိုတာ ကိုယ်ကျေနပ်မှုရအောင် စိတ်ချမ်းသာအောင်အမြဲ လုပ်ဆောင်လေ့ရှိတဲ့ သတ္တ၀ါမျိုးပါ၊

ဘုရား စေတီတွေ တည်ဆောက်ခြင်းဖြင့် ရလာတဲ့ စိတ်ချမ်းသာမှုမျိုးကို တန်ဖိုးထားကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘုရား စေတီတည်တာကြောင့် ချမ်းသာ ဆင်းရဲဖြစ်ရတာ မဟုတ်ဘူး၊ လူတိုင်းလဲ ဘုရား စေတီတည်နေကြတာ မဟုတ်သလို လူတိုင်းလဲ ပရဟိတ ခေါင်းပါးနေတာ မဟုတ်လို့ပါပဲ။ ဟန်ချက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖန်တီးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

အင်္ဂလန်က ပူစူးကျေနပ်မည်ဟု မျှော်လင့်ပါသည်၊ နားလည် တတ်ကျွမ်းသည့် အခြားအခြား ဆရာတော်များကိုလဲ မေးမြန်းသင့်ပါ၏။

http://www.dhammaflavour.net/မှကူးယူဖော်ပြပါသည်။

Posted in Question & Answer | Leave a Comment »

မိဘများ သုဂတိရောက်နိုင်အောင် ဘယ်လိုလုပ်မလဲ

Posted by blissfulparty on March 11, 2010

အမေး။ ။ဘုန်းဘုန်းဘုရား…..သားသမီးက တော်ရင် ထက်မြက်ရင် လိမ္မာရင် မိဘများမှာက သုဂတိဘုံ ရောက်တယ် ဆိုတာ လက်ခံနိုင်ပါသလားဘုရား။  ဖြေကြားပေးစေလိုပါတယ်ဘုရား။

အဖြေ။ ။ သားသမီးများ တော်တယ်ထက်တယ်ဆိုတာ ဘာလဲ။ စီးပွားရေးမှာ တော်ထက်တာကိုပြောတာလား။ စီးပွားရေးမှာ တော်ထက်ရုံမျှနဲ့ သားသမီးချမ်းသာပြီး သူဌေးဖြစ်ရုံမျှနဲ့ မိဘတွေကို သုဂတိဘုံရောက်အောင် အထောက်အပံ့ မပေးနိုင်ပါ။ ဒါပေမဲ့ တစ်ချို့တော်ထက်တဲ့ အကျင့်သီလပြည့်စုံတဲ့ သားသမီးတွေကြောင့် သုဂတိဘုံရောက်ကြရတဲ့ မိဘများလည်း ရှိပါသေးတယ်။

ဘုရားရှင်ဟောကြားထားတဲ့အတိုင်း သားသမီးများက မိဘများကို ကျေးဇူးတကယ်ဆပ်ချင်တယ်ဆိုရင် မိကိုလက်ျာ ဖကိုလက်ဝဲ ပုခုံးပေါ်ထမ်းပြီး နှစ်ပေါင်းတစ်ရာကြာအောင် ပြုစုလုပ်ကျွေးပါသော်လည်း ကျေးဇူးဆပ်တယ်လို့ မခေါ်ပါဘူး

“အသက်ထင်ရှားရှိစဉ် ဒါနကုသိုလ်နဲ့တဲ့ မိဘများကို ဒါနကုသိုလ်ပြုတတ်အောင် ပြုနိုင်အောင် ဖန်တီးပေး စွမ်းဆောင်ပေးမယ်။

သီလမရှိတဲ့ မိဘများကို သီလစောင့်ထိန်းချင်စိတ် ရှိလာအောင်၊ သီလစောင့်ထိန်းနိုင်အောင် စွမ်းဆောင်ပေးမယ်။

ဘာဝနာတရားမပွားသေးတဲ့ မိဘများအား ဘာဝနာပွားချင်စိတ်ဖြစ်လာအောင် ပွားများနိုင်အောင် ဖန်တီးပေးမယ် စွမ်းဆောင်ပေးမယ်ဆိုရင်၊ မိဘများကို ကျေးဇူးဆပ်ရာရောက်တယိ လို့ ဘုရားရှင်ဟောကြားထားပါတယ်။

ဘုရားရှင် ညွန်ကြားသလို ဒါန၊ သီလ၊ ဘာဝနာ မရှိတဲ့ မိဘများအား ဒါန၊သီလ၊ ဘာဝနာတရားများ အားထုတ်ချင်စိတ်ပေါ်လာပြီး တကယ်လည်း ဒါန သီလ ဘာဝနာတရားများနဲ့ အချိန်ကုန်ကာ သေလွန်သွားမယ်ဆိုပါရင် မိဘများဟာ သုဂတိဘုံသို့ ရောက်နိုင်ပါတယ်။  ဒါဟာ တော်တဲ့ထက်တဲ့ သားသမီးများ လို့ ခေါ်နိုင်ပါတယ်။

သာမာန် စည်းစိမ်ချမ်းသာများ သဘောရှိသုံးဆောင်စေပြီး လိုလေသေးမရှိ ပြုစုရုံမျှနဲ့တော့ မိဘများ သုဂတိဘုံသို့ မရောက်နိုင်ပါ။ တော်တဲ့ထက်တဲ့ သားသမီးများလည်း ဖြစ်မလာနိုင်ပါ။ ကြုံတုန်းပြောပါအုံးမယ်…….သားသမီးများ တော်တယ်ထက်တယ်ဆိုလို့…

လောကမှာ သားသမီး သုံး မျိုး ရှိပါတယ်။ (၁)အတိဇာတ၊ (၂) အနုဇာတ၊ (၃)အ၀ဇာတ တို့ဖြစ်ကြပါတယ်။ မိဘများထက် သီလ၊ သမာဓိ၊ပညာ ပိုလွန်တဲ့ သားသမီးများကို “အတိဇာတ” လို့ခေါ်တယ်။ မိဘနဲ့ သီလ၊သမာဓိ၊ပညာ တန်းတူရှိတဲ့ သားသမီးများကို “အနုဇာတ” လို့ ခေါ်တယ်။ မိဘများထက် သီလ၊ သမာဓိ၊ ပညာ ယုတ်ညံ့တဲ့သူကိုတော့ “ အ၀ဇာတ” လို့ ခေါ်ပါတယ်။ ကိုယ်ဟာ ဘယ်အမျိုးအစားအထဲမှာ ပါ တယ်ဆိုတာ ခွဲခြားသိဖို့ပါ။

သားသမီးတော်ထက်တဲ့အတွက် ဖခင်ကြီး သုဂတိဘုံရောက်သွာရတဲ့အကြောင်းကို သဂြိုလ်ဘာသာဋီကာမှာ ဖတ်ရတဲ့အတိုင်း ဖေါ်ပြ ပေးလိုက်ပါတယ်။

တစ်ခါက သောဏဂိရိ ခေါ်တဲ့ တောင်ပေါ်ကျောင်း တစ်ကျောင်းမှာ ရဟန်းတောတစ်ပါး သီတင်းသုံးတော်မူပါတယ်။ သူ့အမည်က အရှင်သောဏ၊ အာသဝေါကင်းကွာ ရဟန္တာတစ်ပါးဖြစ်တော်မူပါတယ်။ သူ့မှာ ဖခင်အိုကြီး ရဟန်းတစ်ပါးလည်း ရှိပါတယ်။ ဖခင် ရဟန်းကြီးဟာ လူ့ဘ၀တုန်းက မိသားစုအတွက် မုဆိုးအလုပ်နဲ့ အချိန်ကုန်ခဲ့ပါတယ်။ အသက်ကြီးလို့ သာသနာ့ဘောင်ဝင်ပြီး သားတော်ရဟန်းထံမှာ ရဟန်းပြု ပြီးနေပါတယ်။

ဖခင်ရဟန်းကြီး သေခါနီးအချိန်ရောက်တဲ့အခါ တောင်ခြေက ခွေးနက်ကြီးတွေ လာကိုက်နေသယောင် နိမိတ်ထင်နေတဲ့အတွက် “ ဟဲ့..ချောက်ထုတ်ပါသားရဲ့” ဆိုပြီး ဆက်ကာ ဆက်ကာ အော်ဟစ်နေပါတယ်။ ဒီအသံကို သားရဟန်းကြားတော့ “ ဘာဖြစ်တာလဲ ဦးဇင်းကြီး” မေးတော့ “ခွေးကြီးတွေ……ခွေးကြီးတွေ” လို့ ဖခင်ရဟန်းကြီးက ပြန်ပြောပြပါတယ်။ “’ဒါဟာငရဲနိမိတ်တွေပဲ၊ ဒီအတိုင်းသေသွားလို့ကတော့ ငရဲရောက်မှာ သေချာနေပီ၊ ငါလို သားတစ်ယောက်လုံး ရှိနေပါလျှက်နဲ့ ဖခင်ရဟန်းကြီး ဘာ့ကြောင့် ငရဲကျရမှာလဲ” လို့ တွေးကာ ကိုရင်လေးတွေကို ပန်းခူးခိုင်းပြီး စေတီရင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေတော်မူပါတယ်။

ဖခင်ရဟန်းကြီးကိုတော့ ညောင်စောင်းနဲ့အတူ စေတီရင်ပြင်အရှေ့ကို ချထားစေပါတယ်။ အဲဒီအခါ သားရဟန်းက “ ဦးပဇင်းကြီးအတွက် ပန်းပူဇော်ပေးထားပါတယ်၊ ကြည်ညိုပါ” လို့ တိုက်တွန်းလိုက်ပီးတဲ့နောက်ပိုင်း ဖခင်ရဟန်းကြီးဟာ ကြည်ညိုဝမ်းမြောက်ဆဲ ခဏမှာ ခွေးနက်ကြီးတွေ မထင်တော့ဘဲ နတ်သမီးတွေ ထင်လာပါတယ်။ ဒီမှာ ဖခင်ရဟန်းကြီး ပြောလိုက်တာက….

“ဟဲ့….သား ဖယ်ပေးပါ………ဖယ်ပေးပါ….သားရဲ့ မိထွေးတွေ လာနေတယ်” လို့ ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျပြီး သေဆုံး သွားပါတယ်၊ သေလွန်တဲ့အခါ နတ်ပြည်သို့ ရောက်ရပါတယ်။ ဒါဟာ အတိဇာတ လို့ဆိုတဲ့ သားရဟန်းရဲ့ တော်မှုထက်မှုကြောင့် ဖခင်ရဟန်းကြီး ငရဲကျမဲ့ဆဲဆဲက သီသီလေးလွတ်ကာ နတ်ပြည်သို့ ရောက်ခဲ့ရတဲ့ သာဓကတစ်ခုပါ။ ဒါလောက်ဆိုရင် မေးသူရော စာဖတ်နေသူများပါ သဘောပေါက်လောက်ပီထင်ပါရဲ့……….။

စာရေးသူ- ဦးကောဝိဒ(မြိတ်)

Posted in Question & Answer | Leave a Comment »