Archive for July, 2010
Dhammacakkappavattana Sutta
Posted by blissfulparty on July 25, 2010
Posted in Knowledge for Dhamma | Leave a Comment »
ဓမ္မစကြာအခါတော်နေ့
Posted by blissfulparty on July 24, 2010
ဓမ္မစကြာအခါတော်နေ့
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို၊ လ၀ါဆို”ဟူ၍ ဆိုရိုးစကားရှိသည့်အတိုင်း ၀ါဆိုလပြည့်နေ့သည် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင် ဘုရားဖြစ်မည့် ယခုနောက်ဆုံး ဘ၀တွင် ပဋိသန္ဓေယူသောနေ့၊ တောထွက်တော် မူသောနေ့နှင့် ဓမ္မစကြာ တရားဦးဟောသောနေ့ ဟူသည့် နေ့ထူးနေ့မြတ် သုံးခု တိုက်ဆိုင်သော နေ့ပင်ဖြစ်သည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာရှိ ဗောဓိပင်ရင်း၌ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်ကိုရ၍ သမ္မာသမ္ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည်။ ဘုရားဖြစ်ပြီးနောက် ၄၉ ရက်တိုင်တိုင် သတ္တသတ္တာဟ (တစ်နေရာတွင်
ခုနစ်ရက်စီနှင့် ခုနစ်နေရာ) စံတော်မူ၍ တရားကျင့်ဖော် ကျင့်ဖက် ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ကျေးဇူးဆပ်သည့်အနေဖြင့် တရားဦးဟောရန် ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောသို့ ကြွတော်မူသည်။ (ပဉ္စ = ငါး၊ ၀ဂ္ဂီ = အစုအဖွဲ့၊ ပဉ္စ၀ဂ္ဂီ =
ငါးပါးအစု) ထိုနှစ် ၀ါဆိုလပြည့် စနေနေ့တွင် “သမင်တို့ကိုဘေးမဲ့ပေးရာတော”ဟု အဓိပ္ပာယ်ရသည့် မိဂဒါဝုန်တောအုပ်၌ ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဓမ္မစကြာတရားဦး
ဟောတော်မူသည်။
ဤသို့ ပဉ္စ၀ဂ္ဂီတို့အား ဓမ္မစကြာ တရားဦးဟောသည်ကို အစွဲပြု၍ ၀ါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့” ဟူ၍လည်း ခေါ်ကြသည်။ “ဓမ္မစကြာ” ၏ အဓိပ္ပာယ်မှာ “ဓမ္မ=တရား၊ စကြာ=အ၀န်းအ၀ိုင်း၊ ဘီး” ဟူ၍ဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ၄၅ ၀ါပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များအနက် ပထမဆုံးဖြစ်သည့် ထိုတရားသည် ရပ်နေသော တရားဘီးလုံးကြီးကို
စတင်လှည့်လိုက်သည်နှင့် တူသောကြောင့် “ဓမ္မစကြာ” ဟူ၍ အမည်ရခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော် အနှစ်ချုပ်
အစွန်းနှစ်ပါး
မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို လွယ်ကူရှင်းလင်းသောစကားပြေဖြင့် ပြန်လည်ဖော်ပြရသော် …
“ရဟန်းတို့ … လောကတွင် အစွန်းနှစ်ပါးရှိ၏။ ယင်းတို့မှာ
(၁) ကာမဂုဏ်စည်းစိမ်ကို လိုက်စား ခံစားခြင်းဆိုသည့် အစွန်းတစ်ပါးနှင့်
(၂) မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းအောင် ညှင်းဆဲခြင်း ဆိုသည့် အစွန်းတစ်ပါး၊
ဤနှစ်ပါးတို့ ဖြစ်သည်။ ယင်း အစွန်းနှစ်ပါးစလုံးသည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားမဟုတ်၊ အရိယာသူတော်စင်တို့၏ အကျင့်တရားမဟုတ်၊ ချမ်းသာကို ဆောင်ယူပေးနိုင်သော တရားမဟုတ်။
“ငါသည် ထိုအစွန်းနှစ်ပါးစလုံးကို ရှောင်တော်မူ၍ အလယ်အလတ်ဖြစ်သော (မဇ္ဈိမပဋိပဋာ) လမ်းစဉ်ကို ထူးသောဉာဏ်ဖြင့် ထိုးထွင်း၍ သိခဲ့ပြီ။ ထိုအကျင့်သည်သာလျှင် ကိလေသာငြိမ်းရန်၊ သစ္စာလေးပါးကိုထိုးထွင်းသိမြင်ရန်၊
နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်သည်။
“ထို အလယ်အလတ်ဖြစ်သော မြတ်သောအကျင့်သည် အဘယ်နည်း။ ယင်းတို့မှာ
-
သမ္မာဝါစာ (မှန်သောစကား)
-
သမ္မာကမ္မန္တ (မှန်သောအလုပ်)
-
သမ္မာ အာဇီဝ (မှန်သောအသက်မွေးမှု)
-
သမ္မာသတိ (မှန်သော အောက်မေ့အမှတ်ရမှု)
-
သမ္မာဝီရိယ (မှန်သောလုံ့လစိုက်ထုတ်မှု)
-
သမ္မာသမာဓိ (မှန်သော တည်ကြည်မှု)
-
သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု)နှင့်
-
သမ္မာဒိဋ္ဌိ (မှန်သောအမြင်)ဆိုသည့် မဂ္ဂင်ရှစ်ပါးတို့ပင်တည်း။
မြတ်စွာဘုရားသည် အစွန်းနှစ်ပါးကိုလည်းကောင်း၊ အစွန်းနှစ်ပါးမှလွတ်ရာ အလတ်အလတ်လမ်းကိုလည်းကောင်း ပြဆိုပြီးနောက် ပဉ္စ၀ဂ္ဂီတို့အား အရိယသစ္စာလေးပါးကို ဆက်လက်ဟောကြားတော်မူပါသည်။
(အရိယ = မြတ်သော (သို့) မြင့်မြတ်သူတို့သာ ထိုးထွင်းသိအပ်သော၊ သစ္စာ = အမှန်တရား)
သစ္စာလေးပါး
“ရဟန်းတို့ … ပထမသစ္စာမှာ “ဒုက္ခသစ္စာ” ဆိုသည့် ဆင်းရဲခြင်းအမှန်တရား ဖြစ်သည်။ ဆင်းရဲခြင်းဆိုသည်မှာ အဘယ်နည်း။ ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲ၏။ အိုရခြင်းသည် ဆင်းရဲ၏။ နာရခြင်းသည် ဆင်းရဲ၏။ သေရခြင်းသည် ဆင်းရဲ၏။
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ လိုချင်တာကို မရခြင်းသည် ဆင်းရဲ၏။ အချုပ်အားဖြင့်ဆိုရလျှင် ခန္ဓာငါးပါးသည် ပင်လျှင် ဆင်းရဲခြင်းဒုက္ခဟု ခေါ်အပ်၏။
“ဒုတိယသစ္စာဖြစ်သည့် “သမုဒယသစ္စာ”ခေါ် ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်တရားဖြစ်၏။ အဘယ်ကြောင့် ဆင်းရဲခြင်းဆိုသည့် ခန္ဓာငါးပါးတို့ကို ရသနည်း။ ဆင်းရဲခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ဆင်းရဲခြင်း၏ အကြောင်းရင်းမှာ “တဏှာ” ဆိုသည့် စွဲလမ်းတပ်မက်မှု ဖြစ်၏။ ထိုတဏှာသည် ဘ၀အသစ်ကို ပြန်လည်ဖြစ်စေတတ်၏။ ထိုတဏှာသည် ထိုထို အာရုံတို့အပေါ် ပြင်းစွာ စွဲလမ်းစေ၏။
“တတိယမြောက် သစ္စာမှာ “နိရောဓသစ္စာ” ခေါ် ဆင်းရဲခြင်းတို့ချုပ်ငြိမ်းခြင်း အမှန်တရားကား အဘယ်နည်း။ ဆင်းရဲခြင်း၏ချုပ်ငြိမ်းခြင်းသည် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော ထို တဏှာမှလွတ်မြောက်ခြင်း (နိဗ္ဗာန်) ပင်ဖြစ်၏။
“စတုတ္ထသစ္စာမှာ “မဂ္ဂသစ္စာ” ခေါ် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း အမှန်တရားဖြစ်၏။ ဆင်းရခြင်းမှလွတ်မြောက်ခြင်းဖြစ်သော ထို နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မည်သည့်အကျင့်ကို ကျင့်ရမည်နည်း။ ယင်းအကျင့်ကောင်းကား (အထက်ကပြဆိုခဲ့သည့်) သမ္မာဝါစာ အစရှိသည့် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ကျင့်စဉ်ပင်ဖြစ်၏။
“ထို ဆိုခဲ့ပြီးသော ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း၏အကြောင်းရင်း (သမုဒယသစ္စာ)၊ ဆင်းရဲခြင်းမှ လွတ်ငြိမ်းခြင်း (နိရောဓ သစ္စာ)၊ ဆင်းရဲခြင်းမှလွတ်ငြိမ်းခြင်း၏လမ်းစဉ် (မဂ္ဂသစ္စာ) တို့ကို ရှေးယခင်က မသိခဲ့၊ ယခု ငါသည် ထိုတရားတို့ကို ပညာမျက်စိ ဖြင့်သိပြီ။ အသိဉာဏ်ဖြင့် သိပြီ။ အထူးသိသောပညာဖြင့်သိပြီ။ ထိုးထွင်းသိတတ်ပြီ။ ဉာဏ်၌ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။
“ယခုဆိုခဲ့ပြီးသော၊ အရိယာတို့သာ ထိုးထွင်းသိအပ်သော အမှန်တရား (သစ္စာလေးပါး)တို့ကို ယခင် မသိခဲ့စဉ် ကာလတလျှောက်လုံး ထိုတရားတို့ကိုသိခဲ့ပြီဟု ငါသည် ၀န်မခံခဲ့။
“ယခု ထိုတရားလေးပါးတို့ကို သိပြီးသည့်အခါမှသာ သိပြီးပြီဟု ငါသည် ၀န်ခံ၏။ ငါ၏ ကိလေသာမှ လွတ်မြောက်ခြင်းသည် မပျက်စီးနိုင်တော့ပေ။ ယခုဘ၀သည် အဆုံးစွန်သောဘ၀ (နောက်ဆုံးဘ၀) ဖြစ်၏။ နောက်ထပ် ဘ၀သစ်တစ်ဖန် ထပ်မံနေစရာ မရှိတော့ပြီဟု ငါသည် သုံးသပ် ဆင်ခြင်နိုင်ခဲ့ပြီ ဖြစ်ပေ၏။”
ထိုသို့ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသည့် ပဉ္စ၀ဂ္ဂီတို့သည် တရားတော်ကို ၀မ်းမြောက်ဝမ်းသာခံယူကြ၏။ ပဉ္စ၀ဂ္ဂီတို့အနက် အသက်အကြီးဆုံး ဖြစ်သော အရှင်ကောဏ္ဍည (ကွန်း – တင် – ည ဟု ဖတ်ပါ) သည်
သောတာပတ္တိမဂ်ဉာဏ်ကိုရသူ (သောတာပန်ပုဂ္ဂိုလ်) ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ထိုအခါ မြတ်စွာဘုရားသည် “ကောဏ္ဍညသည် တရားကိုသိပြီ”ဟု ကျူးရင့်တော်မူလေသည်။
အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကိုရလိုကြောင်း လျှောက်၏။ မြတ်စွာဘုရားသည် “ရဟန်း၊ လာလော့။ ၀ဋ်ဆင်းရဲကို အဆုံးသတ်စေခြင်း အလို့ငှာ ငါ၏သာသနာ၌ မြတ်သောအကျင့်ကိုကျင့်လော့” ဟု ခေါ်တော်မူ၏။ ထိုသည့်ခဏ အရှင်ကောဏ္ဍညသည် ရဟန်းအဖြစ်ကို ရလေသည်။ အရှင် ကောဏ္ဍညသည် ဂေါတမမြတ်စွာဘုရား၏ သာသနာ၌ ပထမဦးဆုံး တရားကိုထိုးထွင်းသိသူ၊ ပထမဆုံး ရဟန်းအဖြစ်ကို ရသူလည်း ဖြစ်လေသည်။
ရှင်းလင်းချက်။
မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဟောကြားသည့် ဓမ္မစကြာတရားတော်သည် ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်လည်း ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာ သာသနာကို လေ့လာလိုသူတို့ အထူးဂရုပြုရသည့် သုတ္တန်ဒေသနာလည်း ဖြစ်ပေသည်။ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်သည် သစ္စာလေးပါး၊ သစ္စာလေးပါး၏ အနှစ်ချုပ်သည် မဂ္ဂင်ရှစ်ပါး၊ မဂ္ဂင်ရှစ်ပါး၏ အနှစ်ချုပ်သည် သတိမဂ္ဂင်ဟူ၍ ပညာရှင်တို့ ဆိုစမှတ်ပြုကြသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ပိဋကတ်သုံးပုံကြီးတစ်ခုစလုံးကို အတိုဆုံးပြပါဆိုလျှင် သတိမဂ္ဂင် တစ်ပါးသာကျန်ရှိပေသည်။ “ဗုဒ္ဓတစ်သက်လုံး ဘာတွေဟောကြာခဲ့သနည်း”ဟု မေးပါက အတိုဆုံးဖြေရလျှင် “သတိထားဖို့သာဟောကြားခဲ့သည်” ဟု ဆိုရမည်ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီး တပည့်ရဟန်းများအား တဖွဖွမှာကြားခဲ့သည့် “ဟန္ဒဒါနိ ဘိက္ခဝေ…” အစချီ ဂါထာမှာလည်း ယင်း “သတိ” ကိုသာ ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရားက ဘာကို သတိထားခိုင်းခဲ့သနည်း။
ကျွန်ုပ်တို့ တရားစခန်းတွင် ၀ိပဿနာတရားရှုပွားသောအခါ ကမ္မဋ္ဌာန်းဆရာများက ရုပ်နာမ်အဖြစ်အပျက်ကို မြင်အောင်ကြည့်ပါဟု ညွှန်ကြားလေ့ ရှိကြသည်။ ရုပ်နာမ်တို့သည် အချိန်မလပ်၊ စက္ကန့်မလပ် တဖွဲဖွဲ ဖြစ်လိုက် ပျက်လိုက်နှင့်
ဖြစ်ပျက်အစဉ်တန်းကြီး တစ်ခုဖြစ်သည်။ ယင်းကို ပုထုဇဉ်တို့သည် “သတိ”မထားမိသောအခါ မိမိတို့၏ခန္ဓာသည် ခိုင်သည်၊ မြဲသည်ဟု စိတ်မှာ မှတ်ထင်မိကြလေသည်။ ငါ၊ သူတပါး၊ ၀ိဉာဉ်၊ လိပ်ပြာ၊ အတ္တ ဟူသည်မရှိ။ ဖြစ်ပျက်နေသော ရုပ်၊ နာမ် တို့နှင့် ယင်းတို့ကို သိနေသော သဘော နှစ်မျိုးသာရှိသည်။ အသိခံနှင့် အသိအာရုံ နှစ်မျိုးသာ မိမိတို့ ခန္ဓာတွင် ရှာတွေ့တော့သည်။ ထိုအခါ “ငါ” ဆိုတာကို ရှာမတွေ့တော့ချေ။ စောစောက တွေးထင်ခဲ့သော “ငါ၊ မောင်လှ၊ အဖေ၊ အမေ၊ ငါ့မိန်းမ၊ ငါ့သား၊ ငါ့သမီး” စသည့် အမှတ်သညာများ ကွာကျသွားပြီး ထိတွေ့ကိုင်တွယ်၍ ရသော “ရုပ်”နှင့် အာရုံတို့ကို သိသော “နာမ်”သဘော နှစ်မျိုးသာ ကျန်တော့သည်ဟု တွေ့ရှိလာသည်။
ထိုသည့်ခဏ အဆိုပါယောဂီသည် ခေတ္တမျှ အတ္တ ကွာကျသွားပြီး ငါကိုယ် ငါကောင်မဟုတ်၊ အနှစ်သာရ မရှိ (အနတ္တ) ဟူ၍ သဘောပေါက်သွားလေသည်။ ဆက်လက်ရှုမှတ်ရင်း သမာဓိလည်းကောင်းလာ၊ ဉာဏ်လည်း ထက်သထက် ထက်လာသောအခါ ရုပ်သဘော နာမ်သဘောမှ တဆင့် ထို ရုပ် နာမ် တို့၏ မမြဲသောသဘော (အနိစ္စ)၊ ထိုသို့ အမြဲမရှိသဖြင့် ဆင်းရဲနှိပ်စက်တတ်သည့် သဘော (ဒုက္ခ) တို့ကိုပါ ရှာဖွေတွေ့ရှိသွားပြီး ထို ရုပ်နာမ် ခန္ဓာကိုယ်ကြီးကို မရရှိ မပိုင်ဆိုင်လိုတော့ပေ။ ထို ရုပ် နာမ် ခန္ဓာကိုယ်မရှိသည့်၊ ချုပ်ငြိမ်းသည့် သဘောကို ဉာဏ်ကရှာဖွေရင်း ဣနြေ္ဒငါးပါး၊ ဗိုလ်ငါးပါး ညီညွတ်သည့်ခဏ၊ ဖြစ်ပြီးပျက်သွားသော ရုပ်နှင့်နာမ်အပေါ် ဉာဏ်က တစ်ထပ်တည်းကျသည့်ခဏ ဖြစ်ပျက်တို့၏ကုန်ရာဖြစ်သော အမြိုက်နိဗ္ဗာန်ကို ရှာဖွေတွေ့ရှိသွားလေသည်။ မိမိတစ်သက်လုံး ချမ်းသာသည်ဟု ထင်မှတ်ခဲ့သည့် ဘ၀ခန္ဓာသည် တကယ်ချမ်းသာအစစ်မဟုတ်ဘဲ ယခု တွေ့ရှိလိုက်သည့် ရုပ်နာမ်ခန္ဓာတို့ ကင်းဆိတ်သည့်သဘော၊ ကုန်ဆုံးသွားသည့် သဘော (နိဗ္ဗာန်) သည်သာလျှင်
ချမ်းသာအစစ်ဖြစ်သည်ဟု ထို ယောဂီသည် သဘောပေါက်သွားလေသည်။ ထိုသို့ ဖြစ်ခြင်း ပျက်ခြင်းကုန်သော နိဗ္ဗာန်သဘောကို ဉာဏ်တွင် ဖျတ်ကနဲ တွေ့ရှိလိုက်ခြင်းကိုပင် “မဂ်စိတ်ကျသည်၊ မဂ်ဉာဏ်သို့ဆိုက်ရောက်သည်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုသည်၊ တရားတွေ့သည်၊ ဉာဏ်အလင်းရသည်” စသည်ဖြင့် ကျွန်ုပ်တို့ ခေါ်ဝေါ်သုံးစွဲကြလေသည်။
(မှတ်ရန်။ မဂ်စိတ်တစ်ကြိမ်ကျပါက သောတာပန်၊ နှစ်ကြိမ်ကျလျှင် သကဒါဂါမ်၊ သုံးကြိမ်ကျလျှင် အနာဂါမ်၊ လေးကြိမ်ဆိုလျှင် ရဟန္တာဟု ခေါ်သည်။ သောတာပန်သည် နိဗ္ဗာန်ကို မြင်ပြီဖြစ်သော်လည်း တစ်ကြိမ်သာမြင်ရသေးသောကြောင့် မဂ်၏အားသည် အဟုန်မပြင်းလှသေး။ ထို့ကြောင့် ကိလေသာကို အကုန်မပယ်သတ်နိုင်သေးဘဲ ဒိဋ္ဌိ (အယူမှားခြင်း) နှင့် ၀ိစိကိစ္ဆာ (ရတနာသုံးပါးအပေါ် ယုံမှားသံသယရှိခြင်း) ဆိုသည့် ကိလေသာ နှစ်ပါးကိုသာလျှင် ပယ်သတ်နိုင်သည်။ အပါယ်သို့မူ မလားတော့ပေ။ သို့ရာတွင် ကိလေသာ ရာနှုန်းပြည့် မကုန်စင်သေးသောကြောင့် ခုနစ်ဘ၀မျှ ထပ်နေရသေးသည်။
သကဒါဂါမ်သည် သောတာပန်နှင့်ယှဉ်လျှင် ကိလေသာ ထပ်ပါးသွားပြီဖြစ်သောကြောင့် ကာမဘုံ (လူ သို့မဟုတ် နတ်) တစ်ခုခုတွင်သာ တစ်ကြိမ် ပဋိသန္ဓေ ထပ်နေရပြီး နိဗ္ဗာန်သို့ အပြီးတိုင် မျက်မှောက်ပြုသည်။
အနာဂါမ်သည် ကာမဂုဏ်ကိလေသာများ လုံးဝကင်းဆိတ်ပြီဖြစ်သည်။ ကာမဂုဏ်ခံစားလိုစိတ် မရှိတော့ပေ။ သို့သော် ဘ၀တဏှာ အနည်းအကျဉ်း ကျန်ရှိသေးသဖြင့် ဗြဟ္မာ့ဘုံတွင် တစ်ကြိမ် ပဋိသန္ဓေပြန်နေရသေးသည်။ ပြီးမှ နိဗ္ဗာန်သို့ မျက်မှောက်ပြုသည်။
ရဟန္တာသည်ကား ကိလေသာတို့ အလုံးစုံ အကုန်အစင် ချုပ်ငြိမ်းပြီ ဖြစ်သောကြောင့် ၃၁ ဘုံတွင် မည်သည့်ဘ၀တွင်မျှ ပဋိသန္ဓေ ထပ်နေခြင်း မရှိတော့ဘဲ ဒီဘ၀သက်တမ်းကုန်သည်နှင့် နိဗ္ဗာန်သို့ အပြီးတိုင် မျက်မှောက်ပြုလေသည်။
အထက်ပါ ဓမ္မစကြာတရားတော်ပါ မြတ်စွာဘုရား ဟောကြားသည့် “ယခုဘ၀သည် ငါ၏ အဆုံးစွန်သောဘ၀ဖြစ်၏” ဟု ဆိုသည်မှာလည်း ဒီသဘောသာဖြစ်သည်။ မြတ်စွာဘုရားသည် မဂ်စိတ် ကို လေးကြိမ်တိတိ ကျပြီးပြီဖြစ်သဖြင့် ကိလေသာကုန်စင်ပြီဖြစ်ရကား နောင်ဘ၀မရှိတော့ ဟု ဆိုလိုခြင်းဖြစ်သည်။)
“သတိတစ်လုံး အဆုံးနိဗ္ဗာန်” ဟု ဆိုစကားရှိသည်။ အဓိပ္ပာယ်က ရုပ်နာမ်စသည်တို့၏ ဖြစ်ပျက်ကို သတိမထားမိသူသည် မသိနိုင်၊ သတိထားသူသာ ထို ဖြစ်ခြင်း ပျက်ခြင်းသဘောကို သဘောပေါက် သိမြင်ပြီး ဖြစ်ချင်၊ ပျက်ခြင်းတို့၏ ကုန်ရာဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင် မျက်မှောက်ပြုနိုင်သည် ဟူ၍ဖြစ်သည်။
ဤဆောင်းပါးကို ဖတ်ရှုနေသော စာဖတ်သူတို့သည်လည်း မိမိတို့ခန္ဓာကိုယ်တွင် ရုပ်၊ နာမ်တို့၏ဖြစ်ပျက်သဘောကို သတိ ကလေးတင်၊ ဆင်ခြင်နိုင်ပြီးလျှင် သတိတို့ အားကောင်းလာသည့်ခဏ၊ ဉာဏ်တို့ထက်သန်အားကောင်းလာသည့် ခဏ မဂ်ဉာဏ် ဖိုလ်ဉာဏ် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။
copy from : http://mtbgroup.ning.com/profiles/blogs/3817386:BlogPost:17420
Posted in Giving Knowledge | Leave a Comment »
ဝါဆိုလ
Posted by blissfulparty on July 24, 2010
ဝါဆိုလသည် စတုတ္တမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။
ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ များကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁ရက်တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။
ရှေးမြန်မာဘုရင်များသည် သာသနာတော်ကို တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် များကို ရရှိရေး ဟူသော ရည်ရွယ်ချက်၂-ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္ဖင်းခံရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။
ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့ ၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်းစသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ် လည်း ပေါ်ပေါက်ခဲ့သည်။
အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်း ဖြစ်သောကြောင့် ၀ါဆိုသင်္ကန်း ဟု ခေါ်ကြသည်။
မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် အသက် ၊ သိက္ခာ ဂုဏ်ဝါကြီးသူများအား ၀ါဝင်ခါနီး၌ ပူဇော်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပူဇော်ကန်တော့ကြသည်မှာ ယနေ့ခေတ်အထိပင်ဖြစ်သည်။
Posted in Giving Knowledge | Leave a Comment »