Blissful Party

Archive for the ‘Knowledge for Dhamma’ Category

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

Posted by blissfulparty on June 4, 2012

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

၁။ အကျွနုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် –

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
”ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ” ဟု (အကြံဖြစ်၏)။

၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့” ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-

”ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့”ဟု (မိန့်တော်မူ၏)။

”ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။

၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။

၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ –

စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။

၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏။

(by Sein Lan Myay မှ ကူးယူဖော်ပြပါသည်)

မဟာသမယသုတ်တော် ရွတ်ဆိုရခြင်း၏ အကျိုးကျေးဇူး
———————————————————–
မဟာသမယသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ရသော အကျိုးဖြင့်သာသနာတော်စောင့် နတ်များ ချစ်ခင်ခြင်း၊ ဘေးဆိုး ရန်ဆိုးများ ပြေပျောက်ခြင်း၊ ဒေါသတရား နည်းပါးလာခြင်း၊ မောဟ စိတ်များ မဖုံးလွှမ်းနိုင်ခြင်းနှင့် လောကီကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ လောကုတ္တာရာ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော သတ္တိထုူးများကို ရရှိစေတတ်ပါသည်။ “

Posted in Knowledge for Dhamma | Leave a Comment »

” မဟာသမယသုတ်တော်ဖြစ်စဉ် “

Posted by blissfulparty on June 4, 2012

ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြားတွင် ဧရာဟဏီ မြစ်ကြီးတစ်ခုက နယ်ခြားအဖြစ် စီးဆင်းကာရံလျက်ရှိလေသည်။ ထိုမြစ်မှ ရေကိုယူ၍ ကမ်းနဖူးရှိ လယ်သမားများက ကောက်ပင်စိုက်ပျိုးရာတွင် သွယ်ယူ၍ သုံးစွဲကြလေသည်။
ကပိလဝတ် ကမ်းဘက်မှ ရေကို ကပိလဝတ်ပြည်သား လယ်သမားများက သုံးစွဲ၍ ကောလိယ ကမ်းဘက်မှ ရေကို ကောလိယပြည်သား လယ်သမားများက ယူ၍ မိမိတို့ လယ်ယာများ အတွင်းသို့ စီးဆင်းအောင် သွယ်ယူကာ အသုံးပြုကြလေသည်။
တစ်နှစ်တွင် မိုးနည်းပါး၍ ရေပူရှိန်အား ပြင်းထန်လျက် ဧရာဟဏီ မြစ်အတွင်း ရေစီးခြင်း အားနည်း၍ လယ်သမားများအဖို့ အခက်အခဲနှင့်ကြုံစရာ ဖြစ်ပေါ်လာလေသည်။
ဤတွင် ကပိလဝတ်ပြည်သားများ၊ လယ်သမားများက “ဤရေသည် နှစ်ဦးနှစ်ဖက် သုံးစွဲရန် မလောက်ငသဖြင့် ငါတို့ဘက်ကသာ ရေကုန်ယူ၍ သုံးမည်” ဟု ကောလိယပြည်သား လယ်သမားများကို ပြော၏။
ကောလိယပြည်သား လယ်သမားများကလည်း “နှစ်ဖက်စလုံး၊ မသုံးလောက်ဆိုငြား သင်တို့စကား မှန်ပေ၏။ သို့အတွက် သင်တို့ မသုံးကြပါနှင့်၊ ငါတို့ ကောလိယပြည်သား လယ်သမားများသာ သုံးကြမည်၊ ဖယ်ကြလော့” ဟု ဆို၏။ ဤတွင် နှစ်ဦးနှစ်ဖက် မပြေမလည်ဖြစ်ကာ လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ပွားကြကာ ရိုက်နှက် သတ်ပုတ် ကြလေတော့သည်။
လယ်သမားချင်း ဖြစ်သော ရန်ပွဲမှသည် လယပိုင်ရှင်ချင်း ရိုက်ကြနှက်ကြသည်အထိ ဖြစ်ရာမှ နှစ်ဖက် ရွာစားချင်းပါ ရန်မီးပွားလာပြီး၊ မြို့စားချင်း ရိုက်နှက်သတ်ပုတ်ကြသည်ထိ ဖြစ်ကာ ပြည်ထောင်ချင်း မင်းတို့ပါ တစ်ဆင့်တက်၍ ပါလာကြပြီး ဧရာဟဏီမြစ်ကို အလယ်က ထား၍ တစ်ဖက်ကို မင်းသား ၂၅၀-စီ ဓား၊ လှံ၊ လက်နက်စွဲလျက် တိုက်ပွဲဝင်ကြရန် ရက်ချိန်းကြေညာလိုက်သည်ထိ ကြီးကျယ် သွားလေတော့သည်။ ထိုနေ့ကား နယုန်လပြည့်နေ့ ဖြစ်၏။
ထိုဖြစ်အင်ကို သိမြင်တော်မူသော ဘုရားရှင်သည် တစ်ဖက် ၂၅၀-စီ နှစ်ဖက်ပေါင်းတုံ ငါးရာကုန်သော သာကီဝင် မင်းသားတို့၏ အသက်ဆုံးရူံးမူကိုလည်းကောင်း၊ နှစ်ပြည်ထောင်မင်းချင်း စစ်ပြိုင်ခင်းသဖြင့် ငြိုးသူရန်ဘက် ဆက်လက်ဖြစ်ပွား သွားမည့်ဘေးကို လည်းကောင်း တားဆီး ကယ်တင်တော်မူရန် နှစ်ဖက်အပြိုင် အနိုင်လုယက် စစ်ထွက်ရန်ဆိုင်မိသော အချိန်တွင် ရောဟဏီမြစ်ဒအလယ် အဇဋာဝေဟင် ထက်ကောင်းကင်တွင် ဈာန်ယာဉ် သမာပတ် ဝင်စားလျက် တန့်နားကိုယ်ထင် ပြတော်မူလေသည်။
မြတ်ဗုဒ္ဓသခင် ကောင်းကင်ပြင်တွင် ဈာန်ယာဉ်စီးကာ ကြွချီလာသည်ကို မြင်သဖြင့် နှစ်ဖက်သော သာကီဝင်မင်းများသည် လက်နက်များ မြေမှာချ၍ ဘုရားရှင်ကို ဖူးမြင် ဦးခိုက်ကြလေသည်။ ထိုအခါ ဘုရားရှင်က ရေထက် မြေက၊ မြေထက် လူက၊ လူထက် အကျင့်သီလက မြင့်မြတ်ကြောင်းကို ဟောကြားတော်မူလေသည်။
ဘုရားရှင်၏ တရားကို နာကြားရသော ကမ်းနှစ်ဖက်မှ ဘုရား၏ ဆွေတော် မျိုးတော်များမှာ အမျက်ပြေငြိမ်း၍ ဘုရားသခင်၏ ကျေးဇူးတော်ကိုဆပ်ရန် တစ်ဖက်လျှင် ၂၅၀-စီသော သာကီဝင် မင်းတို့အား ပေးအပ်လှူဒါန်းရာ မြတ်စွာဘုရားသခင်သည် မင်းသား ၅၀၀-ကို ရဟန်းပြုလျက် မဟာဝုန်တောသို့ ခေါ်ဆောင်လာခဲ့သည်။
ရဟန်းဖြစ်စ တရားမရမီ အချိန်တွင် ပျင်းရိနေကြသည်ကို သိသော ဘုရားသခင်သည် ရဟန်း ငါးရာတို့အား ဟိမဝန္တာတောရှိ(ကုဏာလ)အိုင်သို့ ဘုရားတန်ခိုးတော် ဈာန်ဖြင့် ခေါ်သွားကာ ကမဋ္ဌာန်း အားထုတ်စေရာ ရဟန္တာဖြစ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် တန်ခိုးဈာန်ဖြင့် မဟာဝုန်တောသို့ ပြန်လည် ရောက်ရှိလာကြတော့သည်။
ထိုရဟန်းငါးရာနှင့် တကွ ဘုရား၏ အသရေတော်ကို ဖူးမြော်ရန် ရောက်လာကြသော စကြဝဠာ အတွင်းရှိ နတ်ဗြဟ္မာအပေါင်းတို့အား တစ်ဦးစီ၏ နာမည်များကို မြတ်ဗုဒ္ဓဘုရားက ခေါ်ဝေါ်နူတ်ဆက်ကာ မဟာသမယသုတ်တော်ကို ဟောတော်မူလေသည်။
မဟာသမယသုတ်တော်ကို ဟော်တော်မူသောနေ့သည်ကား နယုန်လပြည့်နေ့ ဖြစ်သတည်း။ ထိုသို့ နတ်၊ ဗြဟ္မအပေါင်းတို့အား တစ်ဦးစီ နာမည်များကို ခေါ်ဝေါ်နူတ်ဆက်ပြီး ရောက်ရှိသော နတ်၊ ဗြဟ္မာ များသည် စရိုက်တစ်ပါးလျှင် တစ်သုတ်စီ ခွဲခြားဟောရသော် အားလုံးကျွတ်တမ်းဝင် မည်ကို မြင်တော်မူလေသည်။
ထိုသို့ မြင်တော်မူပြီး စရိုက် အားကြီးသူတို့ နားလည်လွယ်ရန် အမေးအဖြေပြု၍ ဟောမှ သင့်မည်ဟု ယူဆ၍ နိမ္မိတဘုရားတစ်ဆို ကိုယ်တော်နှင့် တူစွာဖန်ဆင်းတော်မူ၍ နှစ်ဆူသောဘုရားရှင်တို့သည်

  • ရာဂစရိုက် အားကြီးသူတို့အတွက် (သမ္မာပရိဗ္ဗာဇနိယသုတ်)၊
  • ဒေါသစရိုက်အားကြီးသူတို့အတွက် (ကလဟဝိဝါဒသုတ်)၊
  • မောဟစရိုက်အားကြီးသူတို့ အတွက် (မဟာဗျူဟသုတ်)၊
  • သဒ္ဒါစရိုက် အားကြီးသူတို့အတွက် (တုဝဋကသုတ်)၊
  • ဝိတက်စရိုက် အားကြီးသူတို့အတွက် (စူဠဗျူဟသုတ်)၊
  • ပညာစရိုက် အားကြီးသူတို့အတွက် (ပုရာဘေဒသုတ်)

တို့ကို အပြန်အလှန် အမေးအဖြေပြု၍ ဟောတော်မူလေသည်။ ထိုအချိန်မှစ၍ မဟာသမယသုတ်တော် ဖြစ်ပေါ် ရွတ်ဆို ပွားများလာကြသည်။
တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား များပြားလွန်း၍ ရေတွက် လို့တောင်မရနိုင်ပါ။

နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ရင် —။
၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီးငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
၄။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

Posted in Knowledge for Dhamma | Leave a Comment »

အလိုတော်ပြည့်ဘုရားရှိခိုးနှင့် ဆွမ်းကပ်နည်း

Posted by blissfulparty on September 8, 2011

အလိုတော်ပြည့်လိုသော ပုဂ္ဂိုလ်များသည် အလိုတော်ပြည့်ဘုရား၌သော်လည်းကောင်း၊ ဘုရားစေတီပုံနှင့် ဘုရားဆင်းတုတော်ပုံရှေ့တော်၌ အောက်ပါ ဆရာတော် ညွှန်ကြားချက်အတိုင်း ပြုလုပ်လှူဒါန်းနိုင်ပါသည်။

၁။ ရှေးဦးစွာ သစ်သီး (၉) မျိုး၊ ပန်း (၉) မျိုး၊ ရေချမ်း (၉) ခွက်၊ ဆွမ်း (၉) ခွက်၊ ဆီမီး (၉) တိုင်၊ ညှိထွန်းပြီး လှူဒါန်းရပါမည်။
(မှတ်ချက်။ ။သစ်သီး (၉) မျိုး လှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ ရှောက်သီး၊ မာလကာသီး၊ ဟင်းချက်စားရသောသီးမျိုးစုံ မပါစေရ။)
၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။
၃။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ပြည့်စုံအောင် လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။

အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့်မဟာဗုဒ္ဓေါ၊
ဒေဝမနုဿပူဇိတော။
သောရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတု မေ။
မဟာဓနံ ကရောတု မေ၊
မဟာသုခံ ကရောတု မေ။

(အနက်)
အလိုတော်ပြည့်မဟာဗုဒ္ဓေါ- သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုန်လုံ တန်ခိုးဂုဏ်ဖြင့် တောင့်တလင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့်နာမထင်ရှား မြတ်စွာဘုရားသည်၊ ဒေဝမနုဿပူဇိတော- နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူဖြစ်တော်မူထပါပေေသော၊ ပစ္စယာဒီနံ- တကာတကာမတို့ သဒ္ဓါရွှင်လန်း ထာဝရလှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး, ရေချမ်း, ပန်းအစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော၊ ရဟော- ဆိတ်ကွယ်ရာအရပ်၌ အကုသိုလ်ဒုစရိုက်ဟူသမျှကို ပယ်သတ်တော်မူထသော၊ သော ဗုဒ္ဓေါ- ငါးမာရ်အောင်ဘိ ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ မေ (အမှာကံ)- အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော်တို့အား၊ ဝရံ- မြတ်လှစွာသော၊ သုခံ- ချမ်းသာခြင်းကို၊ ဝရံ- မြတ်လှစွာသော၊ ဓနံ- စည်းစိမ်းဥစ္စာကို၊ ဝရံ- မြတ်လှစွာသော၊ လာဘံ- လာဘ်သပကာကို၊ ကရောတု- ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား။

အလိုတော်ပြည့်ဘုရား ဆွမ်းကပ်နည်း
သုဘောဇနံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဖလံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပုပ္ဖံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဥဒကံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပဒီပံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သူသုံးပါးတို့၏ မကိုဋ် ဦးခိုက်ပူဇော်ထိုက်သော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားကို ဤမွန်မြတ်သော ဆွမ်းတို့ဖြင့်လည်းကောင်း၊ သစ်သီးတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း၊ အေးမြကြည်လင်သော ရေချမ်းတို့ဖြင့်လည်းကောင်း၊ ဆီမီးတို့ဖြင့်လည်းကောင်း အလိုတော်ပြည့်မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ကြပါကုန်၏၊ မြတ်နိုးကြပါကုန်၏၊ ကော်ရော်ကြပါကုန်၏။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ အမြတ်တနိုး လှူဒါန်းရသော ကုသိုလ်ကံစေတနာ တို့ကြောင့် အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ရန်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းလွင့်ပျောက် မရောက်သည်သာဖြစ်၍ တပည့်တော်တို့ လိုလားတောင့်တအပ်သော တစ်ခုတည်းသောဆုသည် ပြည့်စုံလုံလောက် အပြီးရောက်ပါစေသတည်း။

အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
အတီတေ ဝတ္တမာနေ စ၊
ယံ ပုညံ ပကတံ မယံ။
ဣဓေ၀ တဿ ပစ္စက္ခေ၊
ဝိပါကော မေ ဝိပစ္စတု။

တပည့်တော်တို့သည် ဘဝသံသရာ အဆက်ဆက်က ဒါန, သီလ, ဘာဝနာဟုဆိုအပ်သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်ခဲ့ကြပါကုန်၏။
ယခုဘဝ၌လည်း ဒါန, သီလ, ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ်အားထုတ်ကြပါသည် အရှင်ဘုရား။
ထိုကုသိုလ်ကောင်းမှုနှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း။

သစ္စာပြုဆုတောင်း
ဧတေန သစ္စဝဇ္ဇေန၊
ဧကံ ဆန္ဒံ သမိဇ္ဈတု။

ဧတေန သစ္စဝဇ္ဇေန- ဤသို့ နှုတ်မှန်ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့်၊ ဧကံ ဆန္ဒံ- တစ်ခုတည်းသောဆန္ဒသည်၊ သမိဇ္ဈတု- ပြီးစီးအောင်မြင်ပါစေ သတည်း။

Posted in Dhamma, Knowledge for Dhamma | Leave a Comment »

သင်္ကြန်တရားတော် – ရွှေဥမင်ဆရာတော်ဘုရားကြီး

Posted by blissfulparty on May 12, 2011

ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။ ‘သင်္ကန္တ’ ပေါ့။ သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။ ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။ သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။   ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး   လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။ ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။ အဟောင်းပျက်လို့ အသစ်ဆက်တာ။ သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။

   အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။ သန့်ရှင်းအောင် လုပ်ရမယ်။ သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။ ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။ ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ ကျန်းမာရေးတော့ ရတာပေါ့လေ။ ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။ ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။ ဒါက အပြင်သန့်ရှင်းရေး။ အတွင်းသန့်ရှင်းရေးက လိုသေးတယ်။   နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။ စိတ်ကိုကော ဖြူစင်အောင် လျှော်ကြ ဖွပ်ကြရဲ့လား။ စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။   ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ သန့်ရှင်း ဖြူစင်မယ်။ ကိလေသာဆိုတာ လောဘ, ဒေါသ, မောဟတွေပဲ။ လောဘနဲ့ စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။ ဒေါသမှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။ ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်း သိရမှာပဲ။ သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့ သတိ ကပ်ထားရမယ်။ အသိနဲ့ သတိ တစ်ထပ်တည်း ကျဖို့ လိုတယ်။ လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။   ခု သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်း စောင့်သုံးကြတာ၊ ကိုယ်တွေ နှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ စိတ်သန့်ရှင်းဖို့ အသိဉာဏ်သန့်ရှင်းဖို့ လုပ်ကြတာ။ အဲဒီ သန့်ရှင်းရေးတွေ လုပ်ထားတဲ့လူကတော့ အတွင်းရော အပြင်ရော သန့်ရှင်းပြီး ကောင်းသော နှစ်သစ်ကူးခြင်းပေါ့။ ဒီပြင် လောဘ ဒေါသ မောဟတွေ ထူပြောနေတာတော့ မကောင်းသော နှစ်သစ်ကူးခြင်း ဖြစ်မှာပေါ့။   ဘုန်းကြီးတို့ ပရိသတ်ကတော့ ကောင်းသော နှစ်သစ်ကူးခြင်းဖြစ်အောင် လုပ်ရမယ်။ ခန္ဓာသင်္ကြန်လည်း မကျသေးဘူး။ လုပ်ကြဦး။ ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။ ကုသိုလ်တွေ လက်မမြှောက်နဲ့အုံး။ ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာ လုပ်ကြသလို ဆက်လုပ်ကြဦး။   လုပ်ကြဦးဆိုတော့ ဒီပြင် မဟုတ်ပါဘူး။ ငါးပါးသီလနဲ့ ကိုယ်လုပ်နေကြ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို လုပ်ကြဦးလို့ ဆိုလိုတာပါ။   အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှ တက်မလဲဆိုတာ တွက်ဦးမှ။ ခန္ဓာသင်္ကြန်ကတော့ ခန္ဓာရှိနေသရွေ့ သင်္ကြန်ကျနေမှာပဲ။ သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့် ရုပ်နာမ်အသစ်တွေ အသစ်အသစ် ထပ်ဖြစ်နေတာ။ မီးခိုးမဆုံး မိုးမဆုံးပဲ။ ဒီက အကြောင်းမကင်းသေးဘူး။ အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။   မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ အကြောင်းခံပြီးတော့ မသိလို့ လိုချင်၊ လိုချင်တော့ လုပ်၊ လုပ်တော့ ရ၊ ရတော့ ဒုက္ခ၊ ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။   အဲဒီတော့ သိရင် မလိုချင်၊ မလိုချင်တော့ မလုပ်တော့ဘူး။ မလုပ်ရင် မရတော့ဘူးပေါ့။ ဒုက္ခတွေ မလိုချင်လို့ ဒုက္ခမလုပ်တာပေါ့။ ဒုက္ခသာ မလုပ်တာ၊ တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့ သူ လုပ်တာပေါ့။   အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း   အကြောင်းသမုဒယဆိုတဲ့ လောင်စာသိမ်းလိုက်ရင် ရုပ်နာမ် ခန္ဓာဆိုတဲ့ အကျိုးဒုက္ခ ငြိမ်းသွားမှာပဲ။ အဲဒီ ဘဝသစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရင် သင်္ကြန်တက်ပြီ၊ ခန္ဓာသင်္ကြန် တက်ပြီ။ အဲဒီအချိန်မှ အနားယူကြပေါ့။   နိဗ္ဗာန်ခရီး နီးအောင် လုပ်   အခုကတော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။ နားနေလို့ မဖြစ်သေးဘူး။   ‘ဤခရီး နီးသလား?’ဆိုတာနော်။ ဘယ်ခရီးလဲ? ‘မရဏခရီးပါ ဘုရား’ အင်း … ပြောရမှာတောင် အားနာစရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင် လုပ်။ ဟုတ်လား။ အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။ ဟိုက ‘မတ’ သေတာ။ ဒီက ‘အ,မတ’ မသေတာ။ မသေတဲ့ခရီး နီးမှ ဖြစ်မယ်နော်။   အခုပြောတဲ့ ပုံစံအတိုင်း သွားမယ်ဆိုရင် မသေတဲ့ခရီးဟာ နီးသွားမှာပါ။ တစ်လှမ်းထက် တစ်လှမ်း၊ တစ်အာရုံထက် တစ်အာရုံ၊ တစ်သိထက် တစ်သိ နီးသွားရမယ်။ အဲဒီလို တွက်ရမှာပါ။ တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။ ခေါင်းဆောင်ကြီးတွေ ခဏခဏ သတိပေးနေတာ။ သူတို့ကိစ္စနဲ့တော့ သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။   ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ   ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။ ဘုရားက တပ်လှန့်နေတာ။   ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။ ကိုယ်က ခံစစ်တင် မဟုတ်ဘူး။ တိုက်စစ်ပါ လုပ်ရမယ်။ သီလလောက် ခံစစ်နဲ့ မရသေးဘူး။ ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။   ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။ လောဘ ဒေါသ ရန်သူကို တိုက်ရမှာ။ ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။   မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “ငါသေရင် ဆွမ်းမသွတ်နဲ့”လို့ ကိုယ့်ကိုယ်ကို မှာနိုင်လောက်အောင်အထိ တိုက်စစ်ဆင်ရမှာ။   ‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။ မလျှော့ဘဲ လုပ်ရမှာပဲ။ သာဓု … သာဓု … သာဓုပါ ဘုရား။ ညီညီနိုင် ပူဇော်သော “ရွှေဥမင်ဆရာတော် ဘုရားကြီး၏ သြဝါဒတရားတော်များ” မှ မျှဝေခြင်းဖြစ်ပါသည်။


“မျိုးစေ့မှန်လျှင် အပင်သန်သည်” တရားတော်

Posted by blissfulparty on May 12, 2011

 “ဒါနပြုတဲ့အခါမှာ အလှူရှင်တွေအနေနဲ့ မိမိရဲ့စိတ်ထားလေးဖြူစင်နေအောင် နှလုံးသွင်းမှန်နေဖို့ လိုအပ်ပါတယ်။ အပင်တစ်ပင် ရှင်သန်ကြီးထွားအောင် စိုက်ပျိုးဖို့အတွက် အရင်ဦးဆုံး မျိုးစေ့ကောင်းလေးရှိမှရတယ်။ သီးပင်စားပင်တွေ မစိုက်ခင်မှာ မျိုးစေ့ကောင်း မျိုးစေ့ သန့်လေးတွေကို အရင်ရွေးထားကြရပါတယ်။ အဲဒီတော့ ဒီဥပမာလေးနည်းတူပဲ နိဗ္ဗာန်ဆိုတဲ့ အသီးအပွင့် စားပင်တွေကို စားသုံးနိုင်ဖို့အတွက် ဒါနပြုတဲ့အခါမှာ ရှိနေသင့်တဲ့စိတ်ထားလေးတွေကတော့-

(၁) မလှူခင်မှာ မိမိရဲ့စိတ်ထားလေး ဖြူစင်နေခြင်း၊

(၂) လှူနေဆဲအချိန်မှာ မိမိရဲ့စိတ်ထားလေး ဖြူစင်နေခြင်း၊

(၃) လှူပြီးတဲ့အချိန်မှာ မိမိရဲ့စိတ်ထားလေး ဖြူစင်နေခြင်း

ရှိနေရပါမယ်။ ဒါမှ အလှူဒါနရဲ့ အကျိုးတရားပိုပြီး ဖြစ်စေပါတယ်။

            ပြီးတော့ အလှူခံပုဂ္ဂိုလ် ၁၄ ဦးရှိပါတယ်။ တိရိစ္ဆာန်ကအစ အလှူခံပုဂ္ဂိုလ်ထဲမှာပါဝင်ပါတယ်။ မိမိရဲ့စိတ်ထားလေး ဖြူဖြူစင်စင်နဲ့ ပြုတတ်မယ်ဆိုရင် ကုသိုလ်ရဲ့အကျိုးတရားတွေ များစွာဖြစ်စေကြောင်း ဘုရားရှင်ဟောကြားထားတော်မူပါတယ်။ တိရိစ္ဆာန်တစ်ကောင်ကို ပေးလှူရင် အဆတစ်ရာ၊ သီလမရှိတဲ့ပုဂ္ဂိုလ်ကိုလှူဒါန်းရင် အဆတစ်ထောင်၊ သီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူရင် အဆတစ်သိန်း၊ သောတာပတ္တိမဂ် ရဖို့ ကြိုးစားအားထုတ်နေသူကိုလှူရင် အဆပေါင်းအသင်္ချေအထိ အကျိုးပေးနိုင်တယ်။ သောတာပတ္တိကနေ အဟန္တဖိုလ်အထိ အရိယာရှစ်ဦး၊ ပေစ္စေကဗုဒ္ဓါ၊ မြတ်စွာဘုရားအစရှိသည်ဖြင့် အဆင့်အဆင့် သီလ၊ သမာဓိ၊ ပညာ ပိုပို မြင့်မြတ်သူတို့ကိုလှူဒါန်းတဲ့အခါမှာတော့ အကျိုး အဆပေါင်း ဆိုဖွယ်ရာမရှိတော့ဘူးပေါ့။

ဒီအလှူခံပုဂ္ဂိုလ် ၁၄ ဦးကို စိတ်စေတနာ ဖြူဖြူစင်စင်ထားပြီး လှူဒါန်းလိုအဆင့်ဆင့် အကျိုးပေးနိုင်တာ ထက် သံဃိကဒါနက ပိုပြီး အကျိုးပေးဖြစ်ထွန်းစေပြန်ပါတယ်။ သံဃိကဒါနကလည်း ၇ မျိုး ရှိတယ်။ အဲဒီ ၇ မျိုးကတော့-

(၁) ဗုဒ္ဓပမုခ ဥဘတော သံဃိကဒါန- သက်တော်ထင်ရှားဘုရားရှိစဉ်ကာလ၌ ဘုရားအမှူးရှိသော ရဟန်းယောက်ျား သံဃာ၊ ရဟန်းမိန်းမ  သံဃာတို့အား လှူသောဒါန၊

(၂) ဥဘတော သံဃိကဒါန- ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ရုပ်ပွါးစင်းတုတော်၊ စေတီတော်တို့နှင့်အတူတကွ ရဟန်းယောက်ျား သံဃာ၊ ရဟန်းမိန်းမ သံဃာတို့အား လှူဒါန်းသောဒါန၊

(၃) ဘိက္ခု သံဃိကဒါန- ရဟန်းယောက်ျား သံဃာတို့အားသာ လှူသောဒါန၊

(၄) ဘိက္ခုနီ သံဃိကဒါန- ရဟန်းမိန်းမ သံဃာတို့အားသာ လှူသောဒါန၊

(၅) ဘိက္ခု ဘိက္ခုနီ ဥဒ္ဒိဿက သံဃိကဒါန- ရဟန်းယောက်ျား သံဃာမှ ဤမျှလောက်သောသံဃာ၊ ရဟန်းမိန်းမ သံဃာမှ ဤမျှလောက်သော သံဃာဟု ရည်ညွှန်း၍လှူသောဒါန၊

(၆) ဘိက္ခု ဥဒ္ဒိဿက သံဃိကဒါန- ရဟန်းယောက်ျား သံဃာမှ ဤမျှလောက်သောသံဃာဟု ဤမျှလောက်သော သံဃာဟု ရည်ညွှန်း၍ လှူဒါန်းသောဒါန၊

(၇) ဘိက္ခုနီ ဥဒ္ဒိဿက သံဃိကဒါန- ရဟန်းမိန်းမသံဃာမှ ဤမျှလောက်သောသံဃာဟု ဤမျှလောက်သောသံဃာဟု ရည်ညွှန်း၍ လှူသော ဒါနဟူ၍ ၇ မျိုးရှိတယ်။ အခု ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များက လှူဒါန်းတဲ့ဒါနကတော့ အမှတ်စဉ် ၆ ဖြစ်တဲ့ ရဟန်း ယောက်ျားသံဃာမှ ဤမျှလောက်သောသံဃာဟု ရည်ညွှန်းပြီးလှူသောဒါန ဖြစ်တယ်။

            သံဃိကဒါနက ပိုပြီးအကျိုးကျေးဇူးများကြောင်းကို ဘုရားရှင်က သာဓကပြပြီး မိထွေးတော်ဂေါတမီကို ဆုံးမတော်မူဖူးတယ်။ တစ်နေ့ မိထွေးတော်ဂေါတမီက ဘုရားရှင်အား သင်္ကန်းဆက်ကပ်လှူဒါန်းရန် ချဉ်းကပ်တဲ့အခါမှာ သံဃာကိုလှူဒါန်းဖို့သာ တိုက်တွန်းဆုံးမတော်မူပြီး သံဃိကဒါနက ပိုပြီးကျေးဇူးများကြောင်းလည်း ဟောကြားတော်မူခဲ့တယ်။ မိမိတို့လှူတဲ့ဒါနဟာ သံဃိကဒါနဖြစ်တယ်၊ ဘုရားရှင်အလိုတော်ကျ လှူဒါန်းတဲ့ဒါနဖြစ်တယ်ဆိုတာ ၀မ်းမြောက်ဝမ်းသာနှလုံးသွင်း ကြည်ညိုဝမ်းမြောက်ကြပါ။

သာသနာတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းပေးတဲ့အတွက် ဦးပဉ္ဇင်းတို့မှာ ချမ်းချမ်းသာသာနဲ့ ပရိယတ္တိစာပေတွေဆည်းပူးနိုင်ကြသလို ဒကာတော် တို့လည်း အလိုရှိရာနိဗ္ဗာန်ကို ချမ်းချမ်းသာသာဖြင့် လွယ်ကူလျင်မြန်စွာသိရှိနိုင်ကြစေပါလို့ ဆန္ဒပြုရင်း တရားတော်ကို နိဂုံးချုပ်လိုက်ပါတယ်။”


“အချိန်ကို သုံး၍ကုန်ကြပါစို့” တရားတော်

Posted by blissfulparty on May 12, 2011

“အချိန်သည် လူကိုမစောင့်ဆိုတဲ့အတိုင်း တရွေ့ရွေ့ကုန်ဆုံးလို့သာနေပါတယ်။ ဒီလိုကုန်နေတဲ့အချိန်တွေကို လူတွေက နည်း ၄ နည်း နဲ့ ကုန်နေကြပါတယ်။ လူတွေအနေနဲ့ အချိန်ကို  ဘယ်လိုကုန်ကြလဲဆိုတော့-

(၁) ရုန်း၍ ကုန်နေကြတယ်။

(၂) ဖြုန်း၍ ကုန်နေကြတယ်။

(၃) ရှုံး၍ ကုန်နေကြတယ်။

(၄) သုံး၍ ကုန်နေကြတယ်။

ဘယ်လို ရုန်း၍ ကုန်နေကြသလဲ။ လူ့ဘောင်လောကလူ့ဌာနမှာ စား၊ ၀တ်၊ နေရေး အခက်တွေနဲ့အတူ သားရေးသမီးရေးဆိုတဲ့ မိသားစုအရေးတစ်ခုကိုသာ ခေါင်းထဲမှာထည့်ထားပြီး ကုန်ဆုံးနေတဲ့သူတွေရှိတယ်။ ငါနဲ့ ငါ့မိသားစုအရေးတစ်ခုကိုသာ ရှေ့တန်းတင်ပြီး တရားတဲ့အလုပ်၊ မတရားတဲ့အလုပ်ရယ်လို့ ဝေဖန်ပိုင်းခြားတတ်တဲ့ဉာဏ်ပညာကင်းပျောက်ပြီး မိသားစုကောင်းစားရေးဆိုလျှင် တော်၏ မတော်၏ မစဉ်းစားဘဲ လုပ်ကိုလုပ်ရမယ်လို့သာ ကိုယ့်ကိုယ်ကိုအတည်ပြုသတ်မှတ်ထားတတ်တယ်။ အဲဒီသူတွေက မိသားစုအရေးအတွက် တခြားသူတွေ ဘာဖြစ်ဖြစ်၊ တစ်ဖက်သတ် မျက်နှာလိုက်ပြီး မိသားစုကောင်းစားဖို့ ဘယ်လိုပင်ကြိုးစားလုပ်ဆောင်ပါသော်လည်း ကံတရား ကတော့ သူ့အတွက် မျက်နှာသာမပေးပါ။ မိသားစုအရေးအတွက် မကောင်းတာတွေနဲ့အသက်မွေးမိတော့ သေတော့ အပါယ်ကို လားရပါတော့တယ်။ ကောင်းတာတွေမလုပ်ခဲ့ရင် သေခါနီးကျ ဘယ်သား၊ ဘယ်သမီး၊ ဘယ်သားမယားမှ မကယ်နိုင်တော့ပါ။ သေခါနီးမှာ တမလွန်အတွက် အမိုက်ကြီးခဲ့သမျှ ခါးစည်းလို့သာ ခံဖို့ ပြင်ရပါတော့တယ်။ လူတိုင်းအတွက် ညီတူညီမျှ  ရရှိထားတဲ့အချိန်တွေကို သားရေး၊ သမီးရေးအတွက်ပဲ ရုန်းပြီးသာ မကုန်ဆုံးသင့်ပေဘူး။ လောကကောင်းစားရေး၊ တရားချမ်းသာ ခံစားရရေးအတွက် ကြိုးစားအားထုတ် ရဦးမယ်ဆိုတာကို သတိသံဝေဂ ရှိသင့်လှပေတယ်။

နှစ်လုံး၊ သုံးလုံးဖြင့် လူအဖြစ်ရှုံးနေကြသူတွေလည်း အများသားပါပဲ။ တချို့ကျပြန်တော့လည်း တစ်လုံးဖြင့် လူ့ဘ၀ လုံးလုံးတုံးနေကြ တော့တယ်။ သီလတွေ မစောင့်ခဲ့လို့၊ ဒါနတွေမပြုမိခဲ့လို့ ယခုဘ၀ ဆင်းရဲခြင်းကို ခါးသီးစွာခံစားနေရတာတောင် သတိဉာဏ်ဆိတ်သုဉ်းပြီး တစ်လုံး၊ နှစ်လုံး၊ သုံးလုံးဆိုတဲ့ အလောင်းကစားတွေနဲ့ အချိန်ကို ဖြုန်းတီးနေကြသူတွေဟာ အချိန်ကို ဖြုန်း၍ကုန်နေကြသူတွေပါပဲ။ သူတို့ အတွက် အချိန်ဟာ တန်ဖိုးမဲ့နေပါတယ်။ လွယ်လွယ်လေးနဲ့ လူ့ဘ၀ရထားတယ်လို့သာ မှတ်ယူနေကြတော့တယ်။ အချိန်ကို တန်ဖိုးမထား တတ်တော့ ငွေကိုလည်း ရပြီး ခဏချင်းကုန်အောင် ဖြုန်းနေတတ်တယ်။ ငွေလည်းဖြုန်း၊ အချိန်လည်းဖြုန်း နောက်ဆုံး ဘ၀ပါ သုံးမရဖြစ်ရတတ် တယ်ဆိုတာ သတိချပ်ရပါမယ်

အရှုံးနဲ့အမြတ် ဒီနှစ်ရပ် သပ်သပ်စီ ကွားခြားပါတယ်။ ကုန်ရှုံးတော့ တစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံး တော့ တစ်သံသရာလုံး ဒုက္ခရောက်ရတတ်တယ်လို့ ရှေးပညာရှိတို့ ဆိုထားကြတယ်။ ရှုံးပြီဆိုမှတော့ အမြတ်မရလို့ပါပဲ။ မြတ်တယ်ဆိုရင်လည်း အရှုံးမရှိလို့ပေါ့။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသလို အကုသိုလ်တွေသာ နေကုန်ကာ တိုးပွါးအောင် အားထုတ်နေကြသူတွေလည်း ရှိကြတယ်။ ဒါဖြင့် သူ့ဘ၀ရှုံးပြီပေါ့။ လူ့ဘ၀ ဒုက္ခကြားထဲမှာနေပြီး ငရဲသားအဖြစ်ကို ခုန်ဆင်းဖို့ ကြိုးစားနေသလို ဖြစ်နေတော့တယ်။ အကုသိုလ်တွေနဲ့သာ အချိန်ကုန်နေမှတော့ သူ့အတွက် လူ့အဖြစ်က ဆင်းရဲတွင်းနက်သည်ထက်နက်အောင် တွန်းပို့ပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် ရထားတဲ့ လူ့ဘ၀က အရှုံးသက်သက်အတွက် ရထားသလို ဖြစ်နေပါတော့မယ်။ အကုသိုလ်တွေနဲ့သာ အချိန်တိုင်းတိုးပွါးအောင် အားထုတ်နေသူတွေကတော့ အချိန်ကို ရှုံး၍ကုန်နေကြသူတွေလို့ ဆိုရပါတယ်။

အသုံးနဲ့အဖြုန်း ကုန်သွားတာတူသော်လည်း ရလာဒ်ကမတူဘူး။ ဘာကြောင့်လဲဆိုတော့ အကြောင်းတရားမတူတော့ အကျိုးတရား တွေလည်း ကွားခြားသွားတာပေါ့။ ဖြုန်းတာက ရှုံးဖို့အတွက်၊ သုံးတာက အကျိုးတရားတွေ တိုးပွါးဖို့အတွက်လို့ အကြောင်းအကျိုးဆက်စပ်ကြည့် ရပါမယ်။ ဒါကြောင့် သာသနာတွင်းမှာ လူလာဖြစ်တဲ့အချိန်လေး ရတောင့်ရခဲ၊ ကြုံရခဲတဲ့ အခွင့်အရေးကောင်းတွေကြုံနေတုန်းလေး အချိန်ကို အကျိုးရှိအောင် ပါရမီကုသိုလ်တွေဖြည့်ဆည်းကြခြင်းဟာ အချိန်ကို သုံးနေကြခြင်းပါပဲ။ တစ်သံသရာလုံး မိုက်မှားလာခဲ့သမျှ ယခုဘ၀တော့ အမြင်မှန်မကင်းပျောက်အောင် တရားတွေနဲ့ ကိုယ့်ကိုယ်ကို စမ်းစစ်ပြီး သတိပဲ့ထိန်းလေးနဲ့ လှော်ခတ်ရင်းသွားပါမှ ရရှိထားသမျှအချိန်တွေဟာ အကျိုးရှိရှိ ကုန်ဆုံးတာကြောင့် အချိန်ကို သုံး၍ကုန်တယ်လို့ ခေါ်ထိုက်ပါတယ်။

ဒါကြောင့် အချိန်ကို သုံး၍ကုန်ကြပါစို့လို့ တိုက်တွန်းရင်း တရားတော်ကို နိဂုံးချုပ်လိုက်ပါတယ်။”


ပဋ္ဌာန်းဘွဲ့ကဗျာများ

Posted by blissfulparty on April 10, 2011

ပဋ္ဌာန်းဘွဲ့ကဗျာများ

(က)

ဘုန်းတော်အောင်ပန်း ၊ ညောင်နန်းမဏ္ဍိုင်

ပလ္လင်ဘူမိ ၊ ဗောဓိခရိုင်

ပြိုင်ဆိုင်ရန်လှေး ၊ မာန်ဘေးခုတ်ချိုင်

သစ္စာပန်း၊ ဆင်မြန်းရွှေလက်ကိုင်။       ။

(ခ)

ရေမြေဘ၀ဂ် ၊ ပျံတက်ဆူဝေ

နတ်လူညွတ်ဦး ၊ ထွတ်ဖူးပရမေ

သတ္တာသတ္တ ၊ ပြောင်းကြွကွန့်ချွေ

ရွှေအိမ်နန်း ၊ စံမြန်းခါတဲ့လေ။  ။

(ဂ)

ဟေတူဟေတု ၊ မြေထုလှိုက်ခုံ

ရွှေဉာဏ်တော်စွမ်း ၊ ပဋ္ဌာန်းအစုံ

ဆင်ခြင်တုံဘိ ၊ ပဋိနုလုံ

ကိုယ်တော်ကြီး ၊ ရေမီးဝိုက်သန်းခြုံ။     ။

၁။ နီလရောင်ခြည်တော်

ဆံကေမြကုံး ၊ မျက်လုံးမျက်တောင်

မုတ်ဆိတ်တော်များ ၊ မြသားအရောင်

အစိတ်စိတ်မှ ၊ ဖိတ်ဖိတ်ညိုမှောင်

ထိန်ထိန်လျှမ်း ၊ တိမ်ပန်းအာကာဘောင်။     ။

မြရောင်ပီသ ၊ နီလခေါ်ဆို

စိမ်းပြာမှောင်ခဲ ၊ အောင်မဲအညို

ထွက်ကွန့်မြူးတော့ ၊ ကြည်နူးဖွယ်ကို

နီလာယပ် လွှဲခတ်နေသလို။    ။

ကြာညိုလှိုင်းတုန်း ၊ မြိုင်လုံးပွင့်ဟန်

တိမ်ညိုပုဆိုး ၊ ဖြန့်မိုးပြတာန်

ဥဒေါင်းလည်ရေး ၊ မြသွေးသဏ္ဌာန်

တစ်ခွင်လုံး ၊ ရွှင်ပြုံးမြရေကန်။     ။

၂။ ပီတရောင်ခြည်တော်

အရေတော်ပါး ၊ ရွှေသားသိင်္ဂီ

ဝါလျှံထိန်ဝင်း ၊ ကိုယ်တွင်းအဆီ

ကြည်ကြည်ပလို့ ၊ ပီတရံသီ

တလက်လက် ၊ ပေါ်ထွက်ပြန်ကြပြီ။     ။

နေရောင်ထိုးယှက် ၊ ပြိုးပြက်ရွှေတောင်

ရွှေရည်ရွှေမိုး ၊ စွေဖြိုးသယောင်

ရွှေပြတာန်မိုး ၊ ပြိုးပြိုးပြောင်ပြောင်

လွှဲလွှဲခတ် ၊ ရွှေယပ်ရာသောင်းထောင်။     ။

မဟာလှေကား ၊ စကားရွှေနွယ်

ရွှေရောင်ဓာတ်သန်း ၊ လျှပ်ပန်းသဖွယ်

ရှုမခန်းပ ၊ ဆန်းဆန်းကြယ်ကြယ်

တိုက်အလုံး ၊ ရွှေကုံးဆင်သခြယ်။       ။

၃။ လောဟိတ ရောင်ခြည်တော်

လျှာတော်နှုတ်ခမ်း ၊ နီမြန်းစုံညီ

ခြေလက်နှစ်ပါး ၊ ဖ၀ါးအနီ

ကိုယ်တော်အသွေး ၊ တွေးတွေးရံသီ

ထွက်ကွန့်မြန်း ၊ စက်ပန်းခိုင်နှင်းဆီ။     ။

ပတ္တမြားကြီး ၊ နေမီးတူပြိုင်

နီတွေးရောင်လျှမ်း ၊ ခေါင်ရန်းအခိုင်

တိမ်ပန်းတိမ်ညွှန့် ၊ လိမ်တွန့်ဆိုင်ဆိုင်

ရဲရဲညို ၊ မဏိကျောက်ဂှုလှိုင်။   ။

ကမ္ဗလာဖဲ ၊ ရဲရဲရစ်ရုံ

ပြတာန်ဖြန့်မိုး ၊ နီမျိုးအစုံ

မဏိယပ်ဆွဲ ၊ ခတ်လွှဲသည့်ပုံ

တိုက်ခပင်း ၊ အလင်းဝိုက်သိုင်းခြုံ။       ။

၎။ သြဒါတရောင်ခြည်တော်

စွယ်တော်လေးဓာတ် ၊ သွားမြတ်လေးဆယ်

ဥဏ္ဏလုံမွေး ၊ ဖြူဖွေးအနွယ်

မျက်ဖြူတော်မြတ် ၊ ရိုးဓာတ်သွယ်သွယ်

သြဒါတ ဖြူဆွလွန်စင်ကြယ်။    ။

စံပယ်ကြက်ရုံး ၊ ဇွန်ကုံးပန်းမာလ်

ဘွဲ့ဖြူပုဆိုး ၊ ဖြန့်မိုးပြတာန်

ပုလဲဆင့်လို့ ၊ ရွဲနှင့်ဖလ်မှန်

အရှိန်ဟပ် ၊ စိန်လျှပ်ပုံသဏ္ဌာန်။         ။

စိန်ကျောက်ခပဲ ၊ မြှောက်ကြဲမှောက်သွန်

သုန်သုန်လေဖြန်း ၊ ရေပန်းတံခွန်

ငွေရေလျဉ်ကြီး ၊ ကျစီးငွေပြွန်

ဖြူရောင်ဖွေး ၊ ရောထွေးလိမ်ယှက်လွန်။     ။

ငွေပုဏ္ဏိန်စန်း ၊ လနန်းယှဉ်ဆောင်

ယုန်ဖြူစက်ဝန်း ၊ တက်ထွန်းသယောင်

နွဲ့တသိမ့်သိမ့် ၊ ငြိမ့်ငြိမ့်ပါအောင်

ခတ်လေငြား ၊ ငွေသားငွေယပ်တောင်။     ။

ဘုံနယ်တလွှား ၊ ဘော်သားဘော်ဆိုင်

ကြယ်စုံသောက်ရှူး ၊ တောက်မြူးအပြိုင်

ဖြူရောင်ယှက်လို့ ၊ ဘ၀ဂ်ဘုံတိုင်

ဆင့်ဆင့်ပြေး ၊ ဖြူဖွေးဘယ်ဆုံးနိုင်။     ။

၅။ မဉ္ဇိဋ္ဌရောင်ခြည်တော်

ဆံတော်အဖျား ၊ ဖ၀ါးတော်တိုင်

ရွှေကိုယ်တော်လုံး ၊ ပတ်ကုံးတပြိုင်

အစိတ်စိတ်မှ ၊ ဖိတ်ဖိတ်ရောင်ဆိုင်

မဉ္ဇိဋ္ဌ ၊ ထွက်ကြွကွန့်မြူးလှိုင်။     ။

သပြေမှည့်ကြီး ၊ အသီးရောင်ဝေ

မိုးကြိုးရည်ကောင်း ၊ နီမောင်းသလေ

ခရမ်းရင့်ရင့် ၊ ပန်းပွင့်ပုံနေ

ရှုမညောင်း ၊ ရောင်မောင့်လျှံကွန့်ဝေ။     ။

၆။ ပဘဿရ ရောင်ခြည်တော်

နီတွေးနုထွား ၊ ဖ၀ါးတော်စုံ

ရောင်လျှံတော်ဆုံး ၊ ကိုယ်လုံးအကုန်

အစိတ်စိတ်မှ ၊ ဖိတ်ဖိတ်ရောင်ဟုန်

ပြိုးပြိုးပြက် ၊ မြန်းထွက်လေကြပုံ။     ။

ဆေးစုံစပ်နှော ၊ မြတ်သောရောင်ရှိန်

မီးပန်းလျှပ်ပန်း ၊ နတ်နန်းဝတိံ

ဥက္ကာကြယ်ကြီး ၊ ညီးညီးထိန်ထိန်

နေရောင်ယှက် ၊ ဒေါင်းကွက်ရတီစိန်။     ။

ယိမ်းတနွဲ့နွဲ့ ၊ စိမ်းလဲ့ဝါရောင်

ပန်းစုံဆင်နွှဲ ၊ လွှင့်ကြဲသယောင်

မိလ္လာဆန်းတဲ့ ၊ တိမ်ပန်းတိမ်တောင်

လက်လက်လျှမ်း ၊ ပြက်သန်းနေသောင်းထောင်။     ။

ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးဟန်

ခြောက်ဖြာလူးလွန့် ၊ မြူးကွန့်ရောင်ဝေ

ကျောက်မျိုးစိန်မျိုး ၊ မှိန်ညိုးသလေ

ဘုံဗြဟ္မာနတ် ၊ ပြာဿဒ်ဆောင်တွေ

ထွန်းနိုင်ပဲ ၊ ပြာမွဲမှောင်ရချေ။     ။

မြရောစိန်ရော ၊ မှိန်သောရောင်ခြည်

နေ၀န်းလ၀န်း ၊ မထွန်းမကြည်

ဗြဟ္မာဂိုဏ်းနှင့် ၊ နတ်တိုင်းရွှေပြည်

နေရောင်ဖုံး ၊ ပိုးစုန်းတူကြသည်။        ။

လောကဓာတ်လုံး ၊ မဆုံးနိုင်ပေါင်

ဒိသာဆယ်ခန်း ၊ ကြွမြန်းအရောင်

မြေထုရေထု ၊ လေထုကုန်အောင်

ဆင့်ဆင့်စွဲ ၊ တင့်ကဲထိန်တောက်လောင်။     ။

ပဋ္ဌာန်းသိမ်မွေ့ ၊ ရှိန်ငွေ့တော်ပင်

ခြောက်ဆူရောင်ဖြိုး ၊ တန်ခိုးအရှင်

ဆဗ္ဗဏ္ဏဟု ၊ မည်ရကျော်ထင်

ဦးညွတ်တွား ၊ ဘုရားမြတ်သခင်။        ။

ကြည်ညိုလေးမြတ် ၊ ရေးစပ်နှိုင်းချိန်

လယ်တီပဏ္ဍိ ၊ က၀ိက၀ိန်

သဒ္ဓါပွားလို့ ၊ နာကြားမြိန်မြိန်

ရွတ်ဆိုရေး ၊ လှူပေးဉာဏ်စက်ရှိန်။      ။


ဂရုဓမ္မ အခါတော်နေ့

Posted by blissfulparty on September 15, 2010

နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေ ရှိပါတယ်၊ လူမျိုးတိုင်း ကလည်း မိမိရဲ့ ဘာသာရေးပွဲတော် ယဉ်ကျေးမှု ဓလေ့ထုံတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းကြ ပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာတော့ ဘာသာရေး ပွဲတော် အခါကြီး ရက်ကြီးများ အဖြစ် ရာသီ ၁၂ လ တိုင်းမှာ ဆင်နွှဲကျင်းပလေ့ ရှိပါတယ်.. မြန်မာ့ ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ ဘာသာရေး ပွဲတော်တွေကတော့

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။

အဲဒီပွဲတော်များ အနက်  တော်သလင်း လပြည့်နေ့မှာ ကျရောက်တဲ့ ဘာသာရေး ပွဲတော်ကတော့ ဂရုဓမ္မ အခါတော်နေ့ ဖြစ်ပါတယ်.

ဘုရားရှင် လက်ထက်တော် အခါက ရဟန်းငယ်နှစ်ပါး အစီရ၀တီ မြစ်မှာ ရေချိုးပြီး နေပူဆာလှုံနေတဲ့ အချိန်မှာ ဟင်္သာငှက် နှစ်ကောင်ဟာ ကောင်းကင်ကနေ ပျံသန်းလာပါတယ်၊ ရဟန်းငယ် တစ်ပါးက- တပည့်တော် ဒီငှက် ကျောက်ခဲနဲ့ ပစ်ပြမယ်လို့ဆိုတော့ ကျန်တဲ့ ရဟန်းငယ် တစ်ပါးက ဒါကတော့ မဖြစ်နိုင်ပါဘူး လို့ ပြန်ပြောပါတယ်။ ပြောပြောဆိုဆိုနဲ့ ရဟန်းငယ်တစ်ပါးက ကျောက်ခဲကို ကောက်ကိုင်ပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဟင်္သာငှက်ကို ပစ်လိုက်ရာ ဘယ်ဖက်မျက်စိကနေ ဖောက်ဝင်သွားပြီး ညာဖက်မျက်စိကနေ ထွက်သွားပါတယ်၊ ဒါကို ကျန်တဲ့ အခြားရဟန်းတွေ မြင်ပြီး .. ဘုရား သာသနာတော်မှာ ရဟန်းပြုနေပြီး ဒီလို လူများအသက်ကို သတ်ရသလား လို့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ထံ ခေါ်သွားပါတယ်၊ ဘုရားရှင်က ရှေးရှေး ပညာရှိ သူတော်ကောင်းတွေဟာ မကောင်းမှုကို အနည်းငယ် လုပ်ရုံမျှနဲ့ နောင်တရတတ်ကြတယ်.. သင်တို့က ငါဘုရား သာသနာမှာနေပြီး ဒီလို အမှုကို လုပ်ကြတယ်လို့ မိန့်တော်မူတော့ ရဟန်းတော်များက ရှေးပညာရှိ သူတော်ကောင်းတွေရဲ့ ပြုမူပုံကို ပြန်လည် ဟောပြပါလို့ လျှောက်ထားတဲ့အတွက်…

တချိန်က.. ဘုရားလောင်းတော်ဟာ ကုရုတိုင်း ဣန္ဒပတ္တမြို့ ဓနဉ္စယမင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်၊ တက္ကသိုလ်ပြည်မှာ ပညာသင်ယူပြီး ပြန်လာတော့ ကုရုတိုင်းမှာ အိမ်ရှေ့မင်းသား ဖြစ်ပါတယ်.. နောက်ပိုင်း ခမည်းတော် မင်းတရားကြီး နတ်ရွာစံတော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာတယ်.. သူဘုရင်ဖြစ်တဲ့ အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သလို ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ကိုယ်တိုင်လည်း စောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံ စောင့်စည်း စေခဲ့တယ်၊ ဘုရားလောင်း အုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံတဲ့အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောခဲ့တယ်၊

တစ်ဖက်မှာတော့ မိတ်ဆွေ ကလိင်္ဂမင်း အုပ်ချုပ်တဲ့ ကလိင်္ဂတိုင်း ဒန္တပုရ မြို့မှာတော့ မိုးလေ၀သ မမှန်လို့ လူတွေ တိရိစ္ဆာန်တွေ ဒုက္ခ ရောက်ကြရပါတယ်၊ မိတ်ဆွေ (ဘုရားလောင်း) အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးတွေ မှန်နေတယ်ဆိုတာ သိရတော့. ကလိင်္ဂတိုင်းသူ တိုင်းသားတွေ အထင်က အဲဒီကုရုတိုင်းမှာ အဉ္စနသန္နိဘ ခေါ်တဲ့ ဆင်ဖြူတော်ကြီးကြောင့် မိုးမှန်တာ ဖြစ်တယ်.. အဲဒီဆင်ကို ကလိင်္ဂတိုင်းကို ရအောင်ယူရင် မိုးမှန်မယ်လို့ ဆိုတဲ့အတွက် ဘုရားလောင်းပိုင်တဲ့ ဆင်ဖြူတော်ကြီးကို ကလိင်္ဂတိုင်း သယ်ဆောင် လာပါတော့တယ်။ ဒါပေမယ့်လဲ ကလိင်္ဂတိုင်းမှာ မိုးရွာသွန်းခြင်း မရှိခဲ့ဘူး။

နောက်ဆုံးတော့ ဘုရားလောင်း အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးရွာရခြင်းရဲ့ လျှို့ဝှက်ချက်က ရှင်ဘုရင် အပါအ၀င် တိုင်းသူ ပြည်သားအားလုံး ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို စောင့်ထိန်းလို့ မိုးမှန်တယ်ဆိုတာ သိရတော့ ကလိင်္ဂမင်းလည်း ကုရုဓမ္မကို ရွှေပေလွှာမှာ ကူးယူစေပြီး ကိုယ်တိုင်လည်းကျင့် သူတစ်ပါးကိုလည်း ကျင့်သုံးစေတဲ့အတွက် တိုင်းပြည်သာယာပြီး မိုးမှန် လေမှန် ဖြစ်ခဲ့ပါတယ်၊ ဒီလို ကုရုတိုင်းသားတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့တဲ့ တရားမို့ ကုရုဓမ္မလို့ ခေါ်တွင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ငါးပါးသီလဟာ လူတိုင်း အမြတ်တနိုး စောင့်ထိန်းအပ်တဲ့ အတွက် ဂရုဓမ္မလို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ ဒီတရားတော်ကို ဟောကြားချိန်ဟာ တော်သလင်း လပြည့်နေ့ဆိုတာ တိကျတဲ့ စာပေ အထောက်အထား မရှိပေမယ့် မိုးတွင်းကာလ မိုးခေါင်တဲ့အချိန်မှာ ဒီ ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို လူတိုင်း စောင့်ထိန်းတဲ့ အတွက် မိုးလေ၀သ မှန်ကန်တာကို အကြောင်းပြုလို့ မိုးကာလမှာ ပါဝင်တဲ့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် မြန်မာ့ယဉ်ကျေးမှု က လက်ခံခဲ့တယ် ဆိုတာကို နားလည်နိုင်ပါတယ်၊ လူတိုင်း လိုက်နာသင့်တဲ့ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလကို ကြိုးစား စောင့်ထိန်းခြင်းဖြင့် ယနေ့ကျရောက်တဲ့ ဂရုဓမ္မ အခါတော်နေ့ကို ဆင်နွှဲကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

copy form http://www.apymt.com


Dhammacakkappavattana Sutta

Posted by blissfulparty on July 25, 2010

Dhammacakkappavattana Sutta: Setting Rolling the Wheel of Truth

translated from the Pali by Ñanamoli Thera

Thus I heard. On one occasion the Blessed One was living at Benares in the Deer Park at Isipatana (the Resort of Seers). There he addressed the bhikkhus of the group of five.

“Bhikkhus, these two extremes ought not to be cultivated by one gone forth from the house-life. What are the two? There is devotion to indulgence of pleasure in the objects of sensual desire, which is inferior, low, vulgar, ignoble, and leads to no good; and there is devotion to self-torment, which is painful, ignoble and leads to no good.

“The middle way discovered by a Perfect One avoids both these extremes; it gives vision, it gives knowledge, and it leads to peace, to direct acquaintance, to discovery, to nibbana. And what is that middle way? It is simply the noble eightfold path, that is to say, right view, right intention; right speech, right action, right livelihood; right effort, right mindfulness, right concentration. That is the middle way discovered by a Perfect One, which gives vision, which gives knowledge, and which leads to peace, to direct acquaintance, to discovery, to nibbana.

“Suffering, as a noble truth, is this: Birth is suffering, aging is suffering, sickness is suffering, death is suffering, sorrow and lamentation, pain, grief and despair are suffering; association with the loathed is suffering, dissociation from the loved is suffering, not to get what one wants is suffering — in short, suffering is the five categories of clinging objects.

“The origin of suffering, as a noble truth, is this: It is the craving that produces renewal of being accompanied by enjoyment and lust, and enjoying this and that; in other words, craving for sensual desires, craving for being, craving for non-being.

“Cessation of suffering, as a noble truth, is this: It is remainderless fading and ceasing, giving up, relinquishing, letting go and rejecting, of that same craving.

“The way leading to cessation of suffering, as a noble truth, is this: It is simply the noble eightfold path, that is to say, right view, right intention; right speech, right action, right livelihood; right effort, right mindfulness, right concentration.

“‘Suffering, as a noble truth, is this.’ Such was the vision, the knowledge, the understanding, the finding, the light, that arose in regard to ideas not heard by me before. ‘This suffering, as a noble truth, can be diagnosed.’ Such was the vision, the knowledge, the understanding, the finding, the light, that arose in regard to ideas not heard by me before. ‘This suffering, as a noble truth, has been diagnosed.’ Such was the vision, the knowledge, the understanding, the finding, the light, that arose in regard to ideas not heard by me before.

“‘The origin of suffering, as a noble truth, is this.’ Such was the vision… ‘This origin of suffering, as a noble truth, can be abandoned.’ Such was the vision… ‘This origin of suffering, as a noble truth, has been abandoned.’ Such was the vision… in regard to ideas not heard by me before.

“‘Cessation of suffering, as a noble truth, is this.’ Such was the vision… ‘This cessation of suffering, as a noble truth, can be verified.’ Such was the vision… ‘This cessation of suffering, as a noble truth, has been verified.’ Such was the vision… in regard to ideas not heard by me before.

“‘The way leading to cessation of suffering, as a noble truth, is this.’ Such was the vision… ‘This way leading to cessation of suffering, as a noble truth, can be developed.’ Such was the vision… ‘This way leading to the cessation of suffering, as a noble truth, has been developed.’ Such was the vision… in regard to ideas not heard by me before.

“As long as my knowing and seeing how things are, was not quite purified in these twelve aspects, in these three phases of each of the four noble truths, I did not claim in the world with its gods, its Maras and high divinities, in this generation with its monks and brahmans, with its princes and men to have discovered the full Awakening that is supreme. But as soon as my knowing and seeing how things are, was quite purified in these twelve aspects, in these three phases of each of the four noble truths, then I claimed in the world with its gods, its Maras and high divinities, in this generation with its monks and brahmans, its princes and men to have discovered the full Awakening that is supreme. Knowing and seeing arose in me thus: ‘My heart’s deliverance is unassailable. This is the last birth. Now there is no renewal of being.'”

That is what the Blessed One said. The bhikkhus of the group of five were glad, and they approved his words.

Now during this utterance, there arose in the venerable Kondañña the spotless, immaculate vision of the True Idea: “Whatever is subject to arising is all subject to cessation.”

When the Wheel of Truth had thus been set rolling by the Blessed One the earthgods raised the cry: “At Benares, in the Deer Park at Isipatana, the matchless Wheel of truth has been set rolling by the Blessed One, not to be stopped by monk or divine or god or death-angel or high divinity or anyone in the world.”

On hearing the earth-gods’ cry, all the gods in turn in the six paradises of the sensual sphere took up the cry till it reached beyond the Retinue of High Divinity in the sphere of pure form. And so indeed in that hour, at that moment, the cry soared up to the World of High Divinity, and this ten-thousandfold world-element shook and rocked and quaked, and a great measureless radiance surpassing the very nature of the gods was displayed in the world.

Then the Blessed One uttered the exclamation: “Kondañña knows! Kondañña knows!,” and that is how that venerable one acquired the name, Añña-Kondañña — Kondañña who knows.


ကာလ ဒါန

Posted by blissfulparty on May 21, 2010

ကာလ ဆိုသည်မှာ အချိန်၊ ဒါန ဆိုသည်မှာ ကုသိုလ်ပြုပေးခြင်းဖြစ်သည်။ထို့ကြောင့် အချိန်ကိုကြည့် ၍ အလှူပေးခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားသည့် ကာလဒါန ငါးမျိုးရှိကြောင်း သိရပါသည်။ကာလ ဒါန ငါးမျိုးမှာ-

၁။ အာဂန္တု ဧည့်သည်ဒါန
သံဃာတော်တို့၏ ကျောင်းမှာ ဧည့်သည်ရောက်လာတာမျိုး၊ မိမိ၏ အိမ်သို့ မမျှော်လင့်ပဲ ဧည့်သည့်သည် ရောက်လာသည့် အခါတွင်လည်း အချိန်ကိုကြည့်ပြီး ဒီအချိန်မှာတော့ ဧည့်သည်သည်များကို မည်သည့် အရာကျွေးရမည် မည်ကဲ့သို့ပြုစုရမည်ကို သိပြီး ဒါနပြုလိုက်ခြင်း အချိန်ကိုသိ အချိန်ကိုကြည့်ပြီး လှူဒါန်းလိုက်ခြင်းသည် အာဂန္တု ဧည့်သည်ဒါနဖြစ်ပါသည်။

၂။ ခရီးသွားတဲ့ဒါနခရီးသွားဒါန

ခရီးသွားရင်း သံဃာတော်များဆိုရင်လည်း အဖျော်များက အစ လှူနိုင်ပါသည်။ သက်ကြီးရွယ်အိုများဆိုရင်လည်း စားသောက်ဖွယ်ရာများ ပါနေတာပဲဟု ဆိုနိုင်သည့်တိုင် စားသောက်ရန် ကူညီပြင်ဆင်ပေးခြင်း စားသောက်အပြီးတွင် သိမ်းဆည်းပေးခြင်းတို့ဖြင့် ကုသိုလ်ယူနိုင်ပါသည်။ ထိုကဲ့သို့ သော ဒါနမျိုးကို ခရီးသွားဒါနမည်သည်။

၃။ ဂီလာနဒါန
နေမကောင်းသည့်အချိန်မကျန်းမာသည့်အချိန်ကိုသိပြီး ကြည့်ပြီးလိုအပ်သည်တို့ကို ဖြည့်စွက် လှူဒါန်း သည် က လည်း မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ဂိလာနကာလဒါနမြောက်ပါသည်။

၎။ ရှားချိန်ကိုကြည့် ရှားချိန်ကိုသိပြီး လှူတဲ့ဒါန
တနည်းအားဖြင့် လိုချိန်ကိုသိ၊ တ ချိန်ကို ကြည့်ပြီးလှူခြင်းဖြစ်သည်။ ရှားချိန် လိုချိန် တ ချိန်ကို အတူတူပဲထားပြီး လှူခြင်းဖြစ်ပါသည်။ ထိုနည်းကလည်း မြတ်စွာဘုရားချီးကျူးသည့် လှူခြင်းဖြစ်သည်။ လူအများအဖို့ အလွန်လိုအပ်နေသည့်အချိန်တွင် အစားအစာ ဆေးဝါး အ၀တ်အစားစိတ်ချမ်းသာစေနိုင်မည့် အားပေးစကား စသည့် အကူအညီစသည့်ဖြင့် ၀တ္တု ပစ္စည်းပင်ဖြစ်စေ၊ စေတနာကိုပင်ဖြစ်စေ ပေးအပ်နိုင်ခြင်းသည် အလွန် အကျိုးရှိပါသည်။

၅။ ကောက်ဦးပေါ်ချိန် သစ်သီးပေါ်ချိန်တို့မှာ ပေါ်ဦးပေါ်ဖျား လှူခြင်း ဒါန
ကျွန်တော်တို့ ငယ်စဉ်ကတည်းက မိဘတို့၏ သွန်သင်မှုကြောင့် စားဖွယ်သောက်ဖွယ်များကို ဦးဦး ဖျားဖျား လှူတတ် ကြပါသည်။ ဇာတ်နိပါတ်တော်များတွင်လည်း ဦးဦးဖျားဖျားအလှူပေးသူသည် လောကုတ္တရာ ဥာဏ်ကို ဦးစွာရသူဖြစ်ခဲ့ပါသည်။ ဥပမာ မြတ်စွာဘုရား အစဦးဟောတော်မူသော ဓမ္မစကြာတရားတောကို နာယူကြသည့် အထဲတွင် ပထမဆုံး ရဟန္တာဖြစ်သူ အညာသိကောဏ္ဍညမထေရ်သည် ဘ၀ဘ၀က ကောက်ဦး သီးဦး စားဦးတို့ကို လှူသောသူဖြစ်ခဲ့ပါသည်။

ထိုကဲ့သို့ ဒါန ၅မျိုး အကြောင်းကို အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်မှာ ကာလဒါန ဆိုသည့် သုတ္တန်ကို ဟောကြားခဲ့ကြောင်းသိရပြီးနောက် ကျွန်တော် တို့ မှတ်သားရသည်မှာ- ကိုယ်သာ သတိမြဲကာ ပညာဦးစီးနိုင်ပါက အလှူကြီးများကို နေရာမရွေးပေးနေနိုင်မည်ဖြစ်ကြောင်း၊ အိတ်ထဲတွင် ဘာမျှဆောင်မထားသည့်တိုင် စေတနာနှလုံးသားက အလှူပြီးမြောက် အောင်ဆောင်ရွက်နိုင်ကြောင်းမှတ်သားရပါတယ်။ ဒါအပြင် လှူတဲ့နေရာမှာ စေတနာ ၃တန် ထားရှိရမယ် ဒါကတော့ အထူးပြောနေဖို့လိုမယ်မထင်ပါ။ မလှူခင်၊ လှူဆဲ၊ လှူပြီး ထားရှိရမဲ့ စေတနာတွေပါ…အားလုံးသိပြီးဖြစ်ပါတယ်။ ထို့အပြင် လှူဒါန်းနေချိန်မှာ သဒ္ဒါ အပြင် ပညာဦးစီးရပါမယ်။ အလှူခံ ပုဂ္ဂိုလ်လည်း မမြဲဘူး၊ လှူတဲ့သူလည်း မမြဲဘူး၊ လှူတဲ့ ပစ္စည့်လည်း မမြဲတဲ့ အကြောင်း နှလုံးသွင်း ဆင်ခြင်ပြီး လှူဒါန်းရပါမယ်။ ဒါမှ ပုထုဇဉ် လူသားများစိတ်ထဲ တွင် အစဉ်ကိန်းဝပ်နေသော လောဘ၊ ဒေါသ၊ မောဟ များကင်းဝေးကာ ထိရောက်တဲ့ အလှူဖြစ်မည်အကြောင်း ကုသိုလ်ဖြစ် ဖော်ပြ လိုက်ပါတယ်။

Post တခုမှကူးယူဖော်ပြသည်။
