ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)
Posted by blissfulparty on April 27, 2010
ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်. . . မြစ်ချောင်းအင်းအိုင်များ ခန်းခြောက်ချိန် ဖြစ်သည်. . သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေဆော်သွေး၍ မုန်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်.. . မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလ ဖြစ်သည်.. ရှေးမြန်မာများကိ ကဆုန်အတွင် မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်. .
ကဆုန်လကို မြန်မာမှုအရ ပြိသာရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ၀ိသာခါနက္ခတ်ဖြစ်သည်.. ယှဉ်သော တာရာမှာ တံငါတာရာဖြစ်သည်. . . ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်. . . ရာသီပန်းကား စံကားပန်း ဖြစ်၍ ရာသီပွဲ တော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်. . . .
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်း သည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့ သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
တနည်း။ ။
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည့်နေ့ ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ယူစကြသည်. . . . . “ဗျာဒိတ်၊ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်” ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်. . . .
(၁) ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့် နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
(၂) မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊နံနက်၊ တစ်ချက်တီးအချိန်၊ ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒေဟပြည်အကြား လုဗ္ဗိနီသာမော အင်ကြင်းတောဝယ် . . . သုဒ္ဓေါဓနမင်းကြီး၏ ရှုမငြီးသော ကြင်ယာတော် မယ်တော်မာရာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်. . .
(၃) ဘုရားလောင်းတော်သည်. . သက္ကရာဇ် ၁၀၃ ခုနှစ၊်ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်. . .
(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္က၊ ဗုဒ္ဓဟေ ဆိုသည်နှင့် အညီ ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ (ဗောဓိပင်) သည်လည်း ကဆုန်လပြည့်နေ့တွင် ပင် ပေါက်ရောက်ခဲ့သည်…
(၅) သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅၀ါ ၊ သက်တော် ၈၀ ၌ဘုရားရှင်သည် နယ်မာလာတိုင်း၊ ကုသိနာရုံရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဖြစ်သည်. . .
မြတ်စွာဘုရား ဘုရား အဖြစ်သို့ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်း တွင်ပင်ဖြစ်သည်.
မြတ်ဗုဒ္ဓနှင့်ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ အလေးအနက် ကြည်ညိုလေးစားဖွယ်ဖြစ်လာသည်. . . ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်ဟု ယူဆရပါသည်. . .
ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပဒေသရာဇ်ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲဖြစ်သည်. . . ဤသို့ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ မြို့ကြီးပြကြီးမှသည်. . . တောလက်ကျေးရွာဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမှုအတွက် ကောင်းမြတ်သော အစဉ်အလာဖြစ်ပါသည်…
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
Dhamma website များမှကူးယူဖော်ပြသည်။
This entry was posted on April 27, 2010 at 2:09 am and is filed under Knowledge for Dhamma.
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
Leave a comment